DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ပြည့်တန်ဆာလုပ်ရန် ဖျားယောင်းခံရသူ မြန်မာမိန်းကလေး ၃၂ ဦးကို ကယ်ထုတ်
DVB
·
March 3, 2015
Donate to DVB

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ ပြည်တန်ဆာအဖြစ် ဖျားယောင်းခံရသူ မြန်မာမိန်းကလေး ၃၂ ဦးကို ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ကယ်ထုတ်ခဲ့တယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မယ်ဆိုင်မြို့ ကော်ဆိုင်းရပ်ကွက်က ကာရာအိုကေဆိုင်ခန်းတွေမှာ မိန်းကလေးတွေကို ပြည်တန်ဆာ အဖြစ် ဖျားယောင်းစေခိုင်းမှုရှိကြောင်း ထိုင်းနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့နဲ့ ကလေးသူငယ် များ နားလည်မှုပေးရေးဖောင်ဒေးရှင်းအဖွဲ့ရဲ့ တိုင်ကြားချက်အရ မတ်လ ၁ ရက်နေ့ ညဥ့်သန်းခေါင် အချိန်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့  မယ်ဆိုင်မြို့မရဲစခန်းက ပြောပါတယ်။

ဒီမတိုင်ခင်က တာဝန်ရှိသူတွေဟာ အရပ်ဝတ်နဲ့ ဧည့်သည်အယောင်ဆောင်ပြီး ကာရာအိုကေဆိုင်ထဲ ၀င်သွားတဲ့အခါ အသက် ၃၃ နှစ်ရွယ်ရှိ မအေးသန်းဆိုသူက လာရောက်ခရီးဦးကြိုပြီး မိန်းကလေးတွေကို ကမ်းလှမ်းခဲ့ကြောင်း၊ မိန်းကလေး ၂ ဦးရဲ့အမည်ကို ရွေးချယ် ငွေပေးချေလိုက်တာနဲ့  အချက်ပြပြီး အပြင်မှာစောင့်နေတဲ့ အရပ်ဝတ်ရဲတွေပါ ၀င်ရောက်စီးနင်းခဲ့တာ လို့  ထိုင်းရဲက  ပြောပါတယ်။

အဲဒီဆိုင်ကနေ အသက် ၂၀ မှ ၃၁ နှစ်ကြား မိန်းကလေး ၉ ဦးကို ဖမ်းဆီးခဲ့သလို အနီးနားဝန်းကျင်ရှိ ကာရာအိုကေဆိုင်ခန်းတွေကိုပါ ၀င်ရောက်စစ်ဆေးခဲ့တာမှာ စုစုပေါင်း ဆိုင်ခန်း ၄ ခန်းက ပြည့်တန်ဆာအဖြစ် စေခိုင်းခံရ သူ  မိန်းကလေး ၃၂ ဦးကို ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

ဆက်လက်စစ်ဆေးမေးမြန်းချက်အရ အဲဒီမိန်းကလေးတွေဟာ မြန်မာပြည်ကနေ ယာယီနယ် စပ်ဖြတ်ကျော်ခွင့်လက်မှတ်တွေနဲ့ ၀င်ရောက်လာကြောင်း၊ သူတို့ကို ဒီလုပ်ငန်းလုပ်ကိုင်ဖို့ မအေးသန်းနဲ့ အပေါင်းပါတွေက ဖျားယောင်းခေါ်ဆောင်ခဲ့ကြောင်း၊ ဧည့်သည်တစ်ဦးနဲ့ ဆက်ဆံရင် ဘတ် ၁၂၀၀ ရပြီး ဆိုင်ရှင်က ဘတ် ၆၀၀ ဖြတ်ယူတယ်လို့  ထွက်ဆိုကြောင်း ရဲဝန်ထမ်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မအေးသန်းနဲ့ တကွ ဆိုင်ခန်းပိုင်ရှင်တွေကို လူကုန်ကူးမှု၊ ပြည့်တန်ဆာအဖြစ် ဖျားယောင်း သိမ်းသွင်းမှု၊ ဥပဒေမဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး မြန်မာအမျိုးသမီး ၃၂ ဦးကိုလည်း ပြုပြင်ထိန်းသိမ်းရေးစခန်းပို့ပြီးတဲ့နောက် မြန်မာနိုင်ငံ တာဝန်ရှိသူတွေထံ ပြန်လည်လွှဲအပ်သွားမယ်လို့  ရဲဝန်ထမ်းက ပြောကြောင်း  ခေါင်ဆွတ်သတင်းမှာ ရေးသားဖော်ပြပါတယ်။

[gallery ids="84049,84050,84051"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013