
မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံဆီ သွားရောက်ဖို့ ရှိနေပြီး ဒီခရီးစဉ်အတွင်း ဩဂုတ် ၁၈ ရက်မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
သူတို့ ၂ ဦးဟာ ကဏ္ဍစုံမှာ ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ မျှော်လင့်ချက်တွေအပြင် လက်ရှိ အပြည်ပြည်ဆိုင်ရာနဲ့ ဒေသတွင်း ကိစ္စရပ်တွေကို ဆွေးနွေးကြမှာလို့ ကရင်မ်လင်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ခရီးစဉ်အတွင်း ၂ နိုင်ငံ သဘောတူညီချက် စာရွက်စာတမ်း အများအပြားကိုလည်း လက်မှတ်ရေးထိုးဖို့ မျှော်လင့်ရတယ်လို့ ဖြည့်စွက် ဖော်ပြထားပါတယ်။
ပူတင်နဲ့ မင်းအောင်လှိုင်တို့ဟာ ၂၀၂၅ ခုနှစ် မတ်လတုန်းက ကရင်မ်လင်နန်းတော်မှာ တွေ့ဆုံခဲ့တာ အပါအဝင် လွန်ခဲ့တဲ့ နှစ်တွေအတွင်း အကြိမ်ကြိမ် တွေ့ ဆုံဆွေးနွေးခဲ့ကြဖူးပါတယ်။
ရုရှားနဲ့ မြန်မာဟာ နီးကပ်တဲ့ နိုင်ငံရေးနဲ့ ကာကွယ်ရေး ဆက်ဆံရေးကို ထိန်းသိမ်းထားကြပြီး မော်စကိုဟာ အရှေ့တောင်အာရှ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာလည်း ပါဝင်ပတ်သက်နေတာ ဖြစ်ပါ တယ်။
မင်းအောင်လှိုင်ဟာ လွန်ခဲ့တဲ့နှစ်အတွင်း ရုရှားနိုင်ငံဆီ ၃ ကြိမ် သွားရောက်ခဲ့ရာ မတ်လမှာ ပူတင်နဲ့ ဆွေးနွေးခဲ့ပါတယ်။ မေလမှာ ဒုတိယကမ္ဘာစစ် အောင်ပွဲ အနှစ် ၈၀ ပြည့် စစ်ရေးပြပွဲ တက်ရောက်ဖို့သွားခဲ့သလို စက်တင်ဘာလမှာ ကမ္ဘာ့အနုမြူ သီတင်းပတ်ဖိုရမ်မှာ ပါဝင်ဖို့စတဲ့ ကိစ္စတွေနဲ့ သွားရောက်ခဲ့ပါတယ်။ ပူတင်ကတော့ မြန်မာနိုင်ငံကို တခါမှ လာရောက်ခဲ့ဖူးခြင်း မရှိပါဘူး။
Source: Anadolu Agency (AA)











