DVB Logo
Home
Lead Story
သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပေါ်အမြင်များ
DVB
·
March 3, 2015
သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပေါ်အမြင်များ
Donate to DVB

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့  မတ်လ ၂ ရက်နေ့  ညနေ ၆ နာရီက နေပြည်တော်မှာ နှစ်ဦးထဲ သီးသန့်တွေ့ဆုံပြီး  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။  ဒီဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့  သဘောထားအမြင်တွေကို ဖတ်ရှုနိုင်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်း

‘လတ်တလော အစိုးရမှာရှိနေတဲ့ အကျပ်အတည်းဖိအားတချို့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ တွေ့ဆုံတယ်လို့မြင်တယ်။ ပြည်တွင်းမှာဆိုရင်အခု လတ်တလော အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားတွေရဲ့  ဆန္ဒပြတောင်းဆိုမှု အရှိန်အဟုန် မြင့်တက်နေတဲ့ အချိန် အဲဒါနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ကျနော်ထင်တယ်။ နောက်တခုက မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးတယ်လို့ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ လွတ်လပ်ပြီးတရားမျှတရေးဆိုတဲ့ အချက် ၂ ချက်နဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ  လက်ရှိအချိန်မှာ ရက်ပေါင်း ၇၀၀ ကျော်ပြီ ပြင်ဆင်နေတာ အခုအချိန်အထိ လွှတ်တော်မှာ ဥပဒေကြမ်းအဖြစ် တင်သွင်းနိုင်ခြင်းမရှိသေးတာတွေ့ရတယ်။ ဒါဟာ အင်မတန်မှ နိုင်ငံရေးအရ အရုပ်ဆိုးတဲ့ အနေအထားလို့မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ဒီကိစ္စကို အလေးအနက်ထားပြီး ပြောနိုင်ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ နောက်တချက်ဖြစ်တဲ့ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ဆိုတဲ့ နေရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကို အများကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းနိုင်ခြင်း မရှိဘူးဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရားမျှတနိုင်ချေဟာ လျော့ပါးနိုင်တယ်လို့ ကျနော်က မြင်တယ်။ အဲဒိကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆွေးနွေးဖြစ်လိမ့်မယ်လို့ထင်တယ်။’

ဝါရင့် သတင်းစာဆရာကြီး ဖိုးသောကြာ (ခေတ်မိုး)
‘ဒီနေ့ဒီအချိန်အထိ အရာခပ်သိမ်းမှာ ပွင့်လင်းမြင်သာမှု အားနည်းသေးတယ်လို့ ဒီလိုပဲ  မြင်ပါတယ်။ တချို့ကိစ္စတွေမှာ သိုသိုသိပ်သပ်နေတာ များလွန်းအားကြီးတယ်လို့ ထင်ပါတယ်။  ဒီမိုကရေစီနိုင်ငံတခုအနေနဲ့ ဒိထက်ပိုပြီး ပွင့်လင်းသင့်တယ်လို့ ကျနော်ကတော့ ခံယူတယ်။  တိုင်းပြည်မှာ  ငြိမ်းချမ်းရေးရယ်၊ လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲရယ်ဆိုတာ ဒီကနေ့ ပြည်သူတွေ အာသာငမ်းငမ်းလိုချင်နေတဲ့ ကိစ္စတွေပဲဗျာ။  ခုဟာက မပွင့်လင်းသေးတာလား ဘာတွေအခက်အခဲရှိနေလဲ အစိုးရမှာလည်း အခက်အခဲတွေ ရှိနေမှာပေါ့ဗျာ။ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မပြောတာကတော့ စဉ်းစားစရာပါ။ အစိုးရကတော့ သူပြောဘူး။ သူတို့အချင်းချင်း ဘယ်လိုနားလည်မှု ယူထားလည်း မသိဘူးပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ဘာမှ ထွက်မလာသေးတာတော့ ကျနော်တော့ စိတ်ထဲ အားမလိုအားမရ ဖြစ်မိတာတော့ အမှန်ပဲ။’

ဦးဂျင်မီ (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
‘တွေ့ဆုံဆွေးနွေးတယ်ဆိုတာတော့ အင်မတန်ကောင်းတဲ့ ကိစ္စတခုပါ။ ကျနော်တို့ကတော့ အမြဲတမ်း တွေ့ဆုံဆွေးနွေးမှု လုပ်ဖို့အတွက်ကို တောင်းဆိုတယ်။ တွေ့ဆုံဆွေးနွေးတဲ့ ယဉ်ကျေးမှုဆိုတာ ဒီမိုကရေစီ ယဉ်ကျေးမှုပဲ။ များများဆွေးနွေးနိုင်ဖို့ လိုတယ်။ အခုဟာက သတင်းစာမှာ ဖော်ပြချက်လောက်ပဲ ခပ်တိုတိုပဲ တွေ့ရတာကိုး။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတွေ ပေါ်ပေါက်ရေးအတွက် ဒီနှစ်ချက်ကိုပဲ သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမှုရှိလာတယ်ဆိုတာကတော့ ကောင်းပါတယ်။ အထူးသဖြင့် ကျနော်တို့ အရင်က တောင်းဆိုနေတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမျိုးကို မြန်မြန်ဆန်ဆန်နဲ့ လေးလေးနက်နက်လေး လုပ်နိုင်ရင်တော့ ပိုပြီးတော့ အဓိပ္ပါယ်ရှိမယ်လို့ ထင်ပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း
‘ဒီလို နှစ်ယောက်တွေ့ဆုံမှု ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အများကြီး အကျိုးရှိတယ်လို့ မြင်ပါတယ်။ ဒီလိုတွေ့ဆုံပြီးတော့ ပြဿ   နာတွေ ဖြေရှင်းဖို့ ဆွေးနွေးကြတာ အင်မတန်ကောင်း မွန်သင့်မြတ်တယ်လို့ မြင်ပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့  တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ လုပ်ပေးခြင်းအားဖြင့် သူ့ရဲ့ သမိုင်းမှာတွင်ရစ်မယ့် လုပ်ငန်းရပ်ကြီးဖြစ်နေတယ်။ အဲဒီအတိုင်းပဲ လွတ်လွတ်လပ်လပ်နဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီး အမြန်ဆုံး ကျင်းပနိုင်ပါစေလို့ပဲ ဆုတောင်းတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကတော့ ပြည်သူလူထု အများစုကြီးရဲ့ ဆန္ဒနဲ့အညီပြင်ဖို့ ဆွေးနွေးဖို့လိုတယ်။’

ဦးအေးသာအောင် (ရခိုင်အမျိုးသားပါတီ - ဗဟိုအလုပ်အမှုဆောင်)
တိုင်းပြည်အပြောင်းအလဲအတွက်၊ ပြုပြင်ပြောင်းလဲဖို့အတွက် ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ဖို့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ လိုတယ်လို့ သုံးသပ်တယ်။ ဒါ့ကြောင့် တိုင်းပြည်မှာ အဓိက ကျတဲ့ပုဂ္ဂိုလ်များ အဓိကကျတဲ့ အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များ ဒီမြန်မာနိုင်ငံရဲ့ အကျပ်အတည်း ဖြေရှင်းဖို့ ကိစ္စမှာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ကိစ္စကို ကြိုဆိုတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့တဲ့ကိစ္စကိုလည်း ဘာပဲဖြစ်ဖြစ် ကျနော်တို့က လိုလိုလားလားရှိတယ်။ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ တွေ့ရုံသက်သက် ဆွေးနွေးရုံသက်သက်နဲ့ ပြီးသွားတာမျိုးမလိုလားဘူး။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အဖြေရှာဖို့ တွေ့ဆုံ ဆွေးနွေးရေးမျိုးဖြစ်စေချင်တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013