DVB Logo
Home
မြန်မာသတင်း
မိုးဗြဲအနောက်ခြမ်းနှင့် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးတွင် တိုက်ပွဲပြင်းထန်
မောရစ်
·
July 27, 2026
ဒီးမော့ဆိုစစ်ရှောင်စခန်း။ (Photo: DVB)
ဒီးမော့ဆိုစစ်ရှောင်စခန်း။ (Photo: DVB)
Donate to DVB

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲအနောက်ခြမ်းနဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေပြီး ဒေသခံတချို့ ထပ်မံတိမ်းရှောင်နေကြရပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါငံခါးကျေးရွာအနီးမှာ ဇူလိုင် ၂၇ ရက် ဒီနေ့မနက်ပိုင်းကစပြီး တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်အာဏာရှင်တပ်တို့အကြား တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားနေတယ်လို့ DVB ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

ဒီမတိုင်မီရက်တွေမှာ စစ်တပ်က ကင်းထောက်ဒရုန်းတွေနဲ့ ဒီးမော့ဆို-ဒေါငံခါး ကားလမ်းတဝိုက်ကို အစဉ်မပြတ် စောင့်ကြည့်ခဲ့ပြီး ဒီကနေ့မနက်မှာတော့ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ရင်းထဲကနေ ထွက်လာတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ရင်ဆိုင်တွေ့ဆုံကာ တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါငံခါး စစ်ရေးရင်းမြစ်က “အခုလောလောဆယ် အခြေအနေက ဒေါငံခါးကို အကြီးအကျယ် ထိုးနေတယ်။ ငွေတောင် ၁၀၂ တပ်ကနေပဲ တချို့ပြည်သူတွေကတော့ ရှိနေနိုင်သေးတယ်။ တော်တော်များများ တချို့ကတော့ အတွေ့အကြုံရှိတယ်၊ ရွှေ့ဖို့ကတော့ အကုန်စီစဥ်ထားပြီးသားပဲ။ အဓိကတော့ ဒရုန်းတို့ ဘာတို့ပဲ သတိထားဖို့လိုတာ။ ဒရုန်းက ဟိုးအနောက်ထိရောက်လာပြီ” လို့ ပြောပါတယ်။

လက်ရှိမှာ ဒေါငံခါးကျေးရွာ နယ်မြေအများစုကို စစ်တပ်က စိုးမိုးထားပြီး ရွှေ့ပြောင်းဖို့ ကျန်နေသေးတဲ့ ဒေသခံတွေကို ဘေးကင်းရာနေရာ ပြောင်းရွှေ့နိုင်ဖို့ စီစဉ်ပေးနေတယ်လို့  စစ်ရေးရင်းမြစ်က ဆိုပါတယ်။

တဖက်မှာလည်း ဒေါငံခါးနဲ့ ၁၄ မိုင်သာဝေးတဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲအနောက်ခြမ်းကို PNO ပြည်သူ့စစ်တွေပါတဲ့ ပူးပေါင်းစစ်ကြောင်းက ထပ်မံဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် မိုးဗြဲအနောက်ခြမ်းရှိ လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေနဲ့ ခေါင်းစံလမ်းတို့ကို အသုံးမပြုကြဖို့ မိုးဗြဲ-PDF က သတိပေးထားပြီး ကျန်နေသေးတဲ့ ပြည်သူတွေကို ဆုတ်ခွာနိုင်ဖို့ ကူညီပေးနေတယ်လို့ မိုးဗြဲ စစ်ရေးရင်းမြစ်က ပြောပါတယ်။

“နည်းနည်း နည်းနည်းချင်း ရွှေ့နေရတာ။ စစ်ကောင်စီဘက်က တိုးလာလို့ရှိရင် ရဲဘော်တွေက နည်းနည်းလေး နောက်ဆုတ်လိုက်နဲ့ သူတို့ကလည်း နည်းနည်းထပ်တိုးနဲ့ အဲ့လောက်ပါပဲ။ စစ်ကြောင်းတိုးလာပြီဆိုရင် လက်နက်ကြီးက ပါလာတာကိုး၊ အဲဒါကြောင့် ဖြည်းဖြည်းချင်း ဆုတ်သွားတာ။”

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲကနေ နန်းမယ်ခုံကို ဖြတ်သန်းပြီး ဒီးမော့ဆိုမြို့နယ်အထိ ဆက်သွယ်ထားတဲ့ ကားလမ်းမဟာ ကရင်နီပြည်နယ်ရဲ့ စစ်ရေးနဲ့ ကုန်းလမ်းဆက်သွယ်ရေး အဓိကကျတဲ့ ကားလမ်းမတခုဖြစ်ပြီး တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်းမှာ  လမ်းနေရာတော်တော်များများကို ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုဘက်က ထိန်းချုပ်ထားတာပါ။

ဒါကြောင့် စစ်တပ်က နယ်မြေပြန်လည်စိုးမိုးဖို့အတွက် မြေပြင်ကနေ စစ်ကြောင်းထိုးနေသလို ဝါဒဖြန့်ရုပ်သံလိုင်းတွေကနေလည်း ဒီးမော့ဆိုဒေသခံတွေ နေရပ်ပြန်လာဖို့ တိုက်တွန်း နှိုးဆော်နေပါတယ်။

ဒီးမော့ဆိုဒေသခံတွေကတော့ စစ်တပ်က ပြန်လာနေဖို့ ဝါဒဖြန့်နေပေမဲ့ လက်တွေ့မှာ ဒရုန်းနဲ့ လက်နက်ကြီးဒဏ်တွေကြောင့် ဒီးမော့ဆိုမှာလည်း ဘယ်သူမှ ပြန်လာမနေကြဘူးလို့ ဆိုပါတယ်။

ဒီးမော့ဆို ဒေသခံတယောက်က “ဒီးမော့ဆို-ဒေါငံခါးကျတော့ ကာကင်းတွေမှာ ဒီဘက်က ရဲဘော်တွေလည်းရှိတယ်၊ ဟိုဘက်မှာလည်း သူတို့စစ်သားရှိတယ်။ သူတို့ဟာသူတို့ လာပြီးတော့ လိုင်းပေါ်မှာ ဘယ်လိုပြောရမလဲ လူရှိနေပြီ ငြိမ်းချမ်းနေပြီဆိုတာ ချင်း(ဂျင်း)ထည့်နေကြပဲလေ။ လိုင်းပေါ်မှာ လျှောက်တင်တာဖြစ်မှာပေါ့။ သူတို့ဘာသာသူတို့ လာကြည့်ပြီးတော့ ဘယ်သူမှ မရှိသေးတာ အဲ့ဘက်မှာ” လို့ ပြောပါတယ်။

လက်ရှိ ဒေါငံခါးနဲ့ မိုးဗြဲအနောက်ခြမ်း တိုက်ပွဲတွေအတွင်း နှစ်ဖက် အထိအခိုက် အကျအဆုံးတွေ ရှိနေပြီး ပြီးခဲ့တဲ့အပတ် ဒေါငံခါးတိုက်ပွဲအတွင်းမှာ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုဘက်က ရဲဘော် ၆ ယောက် ကျဆုံးခဲ့ပါတယ်။

စစ်ရေးလေ့လာသူတွေကတော့ ဒီးမော့ဆိုနဲ့ မိုးဗြဲကြား တော်လှန်ရေးတပ်တွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ပြီး လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးကို စစ်တပ်က ပြန်စိုးမိုးနိုင်ဖို့ မြေပြင်ကနေ လူအင်အားအများအပြားနဲ့ တက်လာနေတာလို့ သုံးသပ်ထားကြပါတယ်။ 

စစ်ကြောင်းနဲ့အတူ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ပိုစိပ်လာတာကြောင့် ကရင်နီ-ရှမ်းနယ်စပ်တလျှောက် စစ်ဘေးရှောင်စခန်းတွေအတွက် ရိက္ခာနဲ့ ဆေးဝါးသယ်ယူပို့ဆောင်ရေးမှာလည်း ကန့်သတ်ချက်များစွာ ဖြစ်နေပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013