DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများကို ရဲအင်အား အလုံးအရင်းဖြင့် ၀ိုင်းထား
DVB
·
March 2, 2015
သပိတ်မှောက်ကျောင်းသားများကို ရဲအင်အား အလုံးအရင်းဖြင့် ၀ိုင်းထား
Donate to DVB

လက်ပံတန်းမြို့ ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ သပိတ်ကျောင်းသားတွေကို ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား ရာချီပိတ်ဆို့နေသလို ကျောင်းသားတွေဟာ ရန်ကုန်ကို ဆက်လက်ချီတက်နိုင်ဖို့ ညှိနှိုင်း ကြိုးစားနေကြပါတယ်။

မွန်းလွဲပိုင်းမှာ  ကျောင်းသားတွေနဲ့ ပဲခူးတိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းတို့  တွေ့ဆုံဆွေးနွေးရာမှာ ကျောင်းသားတွေအနေနဲ့ ရန်ကုန်ကို ဆက်လက်မချီ တက်ဖို့ ပြောဆိုခဲ့ပါတယ်။

အခုညနေပိုင်းမှာတော့ ကျောင်းသားတွေ ပြန်လည်ဆွေးနွေးပြီး သူတို့အနေနဲ့ ရန်ကုန်ကို ဘေးအန္တရာယ်ကင်းကင်းဝင်နိုင်ဖို့အတွက် နယ်လုံဝန်ကြီးနဲ့ ထပ်မံညှိနှိုင်းနေတယ်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။

“အခုအစည်းအဝေးက ကျနော်တို့က အချက် ၈ ချက်ကို နယ်လုံဝန်ကြီးနဲ့ သွားညှိနေပါတယ်။ ကျောင်းသားတွေအနေနဲ့ ရန်ကုန်ကို ရောက်အောင်ဝင်ချင်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့အနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာမှာ တစုံတရာ အာမခံမှုပေးနိုင်မယ်ဆို တာကို ထပ်ညှိနေတယ်ပေါ့။ အဲဒါ ကိုအောင်မှိုင်းဆန်းတို့ သွားညှိနေတယ်။ သူတို့ ပြန်လာမှ ကျနော်တို့ အခြေအနေ ဘယ်လိုဖြစ်မယ်ဆိုတာ သိရမယ်။”

လက်ရှိမှာတော့ ဘုန်ကြီးကျောင်း ပတ်လည်မှာ လုံခြုံရေးအင်အားအများအပြားချထားသလို မီးသတ်ကားတွေ ကားအလွတ်တွေလည်း ရှိနေတယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။

“လက်ရှိကျနော်တို့ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းရဲ့ ပတ်ပတ်လည်မှာ ရဲအင်အား တထောင်နီးပါး ရောက်နေတယ်။ ကျနော်တို့ကို ၀ိုင်းပတ်ပြီးတော့ ပိတ်ထားတယ်။ ရေကားတွေ၊ မီးသတ်ကားတွေ ရေနဲ့ထိုးမယ့်ကားတွေလည်း ရှိတယ်။ ၃ စီး။ ကျန်တဲ့ ရဲကားတွေနဲ့ နောက်လူစုခွဲရင် ကျောင်းသားတွေကို စွဲတင်ဖို့ ကားအလွတ်တွေ ရှိနေတယ်”  လို့ ပြောပါတယ်။

ညနေပိုင်း ညှိနှိုင်းမှုအရ နယ်လုံဝန်ကြီးက မနက်ဖြန် မနက် ၇ နာရီမှာ ကျောင်းသားတွေကို အကြောင်းပြန်မယ်လို့   ကျောင်းသားသပိတ် ပြန်ကြားရေးတာဝန်ခံ  ကိုရဲရင့်ကျော်က ပြောပါတယ်။

“ကျနော်တို့ အနေအထားက လက်ရှိ သာယာဝတီအထိကတော့ ကျနော်တို့ လမ်းလျှောက်ဦးမှာဖြစ်တယ်။ သာယာဝတီဟိုဘက် ရန်ကုန်တိုင်းကို သူတို့ ကျော်ခွင့်မပေးတော့တဲ့အတွက် ကိုယ့်ကားနဲ့ကိုယ်သွားမှာပါ။ ကျနော်တို့ကားစီးသွားရင် ရန်ကုန်ကို နေ့ချင်းရောက်မှာဖြစ်တဲ့အတွက် အများပြည်သူနဲ့ သံဃာတော်တွေ စိုးရိမ်နေတဲ့ စာမေးပွဲကိစ္စတွေ ရှောင်လွဲပြီးသားဖြစ်သွားမယ်။ ရန်ကုန်ရောက်သွားရင် သမဂ္ဂရင်ပြင်လို တနေရာမျိုးမှာ အခမ်းအနားလုပ်ပြီးတော့ လူစုခွဲလိုက်မှာဖြစ်တဲ့အတွက် စိတ်ပူပန်မှုတွေ စိတ်နှလုံးအေးချမ်းသွားမယ်။ အဲဒီလိုလည်း ကျနော်တို့တွေးထားလို့ပါ။”

ညနေပိုင်း ၆ နာရီအထိ ကျောင်းသားတွေကို ရဲလုံခြုံရေးတွေက ဆက်လက် ၀ိုင်းထားဆဲဖြစ်ပြီး ဒီညမှတော့ ကျောင်းသားတွေအနေနဲ့ ဖြိုခွင်းမခံရအောင် သတိထားရမယ်လို့လည်း ကိုရဲရင့်ကျော်က ပြောပါတယ်။

ဘုန်ကြီးကျောင်းဝင်းထဲမှာတော့ ကျောင်းသားအင်အား ၂၀၀ ကျော်ရှိနေတာဖြစ်ပါတယ်။

[gallery ids="83945,83944,83943,83942,83941,83938"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013