DVB Logo
Home
မြန်မာသတင်း
လယ်ယာကဏ္ဍ အောင်မြင်မှုများရနေဟု သမ္မတဦးသိန်းစိန် ပြောကြား
DVB
·
March 2, 2015
လယ်ယာကဏ္ဍ အောင်မြင်မှုများရနေဟု သမ္မတဦးသိန်းစိန် ပြောကြား
Donate to DVB

နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျေးလက်နေ တောင်သူလယ်သမားများရဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ထင်ရှားမြင်သာတဲ့ အောင်မြင်မှုတွေ အထိုက်အလျောက် ရရှိခဲ့ပြီး ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

မတ် ၂ ရက်နေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့  အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ သမ္မတ ဦးသိန်းစိန်က အစိုးရသက်တမ်း ၄ နှစ်ကာလ လယ်ယာကဏ္ဍ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြောသွားတာပါ။

တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးစရိတ် အရင်းအနှီး အထောက်အကူဖြစ်စေရန် သင့်တင့်တဲ့ ချေးငွေအကူအညီပေးရေး၊ လယ်ယာထွက်ကုန်များ ရောင်းချရာမှာ သင့်တင့်မျှတတဲ့  ဈေးနှုန်းနဲ့ ခိုင်မာတဲ့ ဈေးကွက် ရရှိရေး၊ နည်းပညာ သွင်းအားစုနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေ လွယ်ကူ အဆင်ပြေစေရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်နစ်နာမှု တွေအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနိုင်ရေးနဲ့  တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်တယ်လို့  သ၀ဏ်လွှာမှာ ပြောပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်စွာစိုးကတော့ လယ်သမားတွေရဲ့  အခြေအနေဟာ အရင်ကထက်  ပိုဆိုးလာနေတယ်လို့ ပြောပါတယ်။

“အောက်ခြေမှာကတော့  အမှန်အတိုင်းပြောရရင် ခုအချိန်အထိကတော့  ဘာမှ တိုးတက် ပြောင်းလဲမှု မရှိသေးဘူး။ ပိုတောင် အခြေအနေ ဆိုးသွားတယ်။ တော်တော်ဆိုးပါတယ်ဆိုတဲ့ စစ်အစိုးရလက်ထက်ကမှ လယ်သမားတွေ သူ့ဖာသာသူ လယ်စိုက်လို့ ရသေးတယ်။ အခုက လယ်တွေဘာတွေ ပျောက်၊ ယာတွေပါပျောက်၊ ကြွေးထူ အများကြီး ဖြစ်တာပေါ့။ အောင်မြင်မှုရတယ်ဆိုတာကတော့ စက်ကလေး ဘာလေးဝယ်ပြီး သူတို့နဲ့ ရင်းနှီးသူတွေ ရတယ်။ တကယ့် တောင်တန်းဒေသမှာ ရှိတဲ့ လယ်သမားတွေရော၊ မြေပြန့်ဒေသမှာရှိတဲ့ လယ်သမားတွေဘ၀ ဘာမှ မပြောင်းလဲသေးပါဘူး”လို့ ဦးကျော်စွာစိုးက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး တောင်းဆို တိုက်ပွဲဝင်ခဲ့ကြရင်း ဖမ်းဆီးထောင်ချခံရတဲ့ တောင်သူ လယ်သမားအရေအတွက်  ရာနဲ့ ချီ ရှိနေပြီး ဒီိကိစ္စတွေ အမြန်ဆုံးဖြေရှင်းပေးဖို့ လိုတယ်လို့  နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ဦးသက်ဦးက ပြောပါတယ်။

“ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတာအများစုပါ။ ၁၀၀ လောက်တော့ရှိမယ်။ နောက်ဆုံးစာရင်းက  ၁၅၉ ယောက်၊   ကုမ္ပဏီနဲ့ သော်လည်းကောင်း အစိုးရနဲ့သော်လည်းကောင်း ဖြစ်တဲ့စာရင်းကိုပဲ ထည့်တာ၊  ဒီတောင်သူလယ်သမားတွေရဲ့ ဘ၀က အများစုက မတရား သိမ်းဆည်းခံရပြီးတော့ လျော်ကြေးပေးတယ်ဆိုတဲ့ဟာကလည်း အလွန်တရာ နည်းပါးပါတယ်။ သူတို့ဘ၀တွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဒီနေ့ လယ်သမားတွေရဲ့ ဘ၀ကတော့ အင်မတန် ဆိုးရွားပြီးတော့ ရင်ဆိုင်ခဲ့ရတယ်။ အခုကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ ဒါတွေကို လယ်ယာမြေစုံစမ်းရေးကော်မရှင်တွေက ပီပီပြင်ပြင်လုပ်ဆောင်ပြီး ဖြေရှင်းသင့်တယ်  ”လို့ ပြောပါတယ်။

ဒီကနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို အစိုးရက  နေပြည်တော်မှာ ကျင်းပသလို မကွေးမြို့မှာလည်း နိုင်ငံတ၀န်းက သိန်းနဲ့ချီတဲ့ တောင်သူ လယ်သမားတွေကလည်း   ဒီကနေ့ ညနေပိုင်းမှာ တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပဖို့ ရှိပါတယ်။

အလားတူ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသမှာရှိတဲ့  ယုဇနကုမ္ပဏီရဲ့ လယ်မြေသိမ်းခံ တောင်သူတွေကလည်း  တောင်သူလယ်သမားနေ့ ကျင်းပပြီး မတရား သိမ်းဆည်းခံ လယ်ယာမြေတွေပြန်ရရေး တောင်းဆိုခဲ့ကြပါတယ်။

ဦးနေ၀င်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီ စစ်အစိုးရ အာဏာသိမ်းခဲ့တဲ့  ၁၉၆၂ ခုနှစ် မတ် ၂ ရက်နေ့ကို  တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013