DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ်စစ်ကြောင်းကို ရေအမြောက်ကားသုံး လူစုခွဲမည်
DVB
·
March 2, 2015
ကျောင်းသားသပိတ်စစ်ကြောင်းကို ရေအမြောက်ကားသုံး လူစုခွဲမည်
1 / 4
Donate to DVB

သပိတ်မှောက်ကျောင်းသားတွေ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း နယ်စပ် မီးနင်းချောင်း တံတားကို ဖြတ်ကျော်ချီတက် လာခဲ့မယ် ဆိုရင် တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရေအမြောက်ကားကို အသုံးပြုလူစုခွဲသွားမယ်လို့ ရဲတပ်ရင်း ၈ တပ်ရင်းမှူးက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

ရဲတပ်ရင်း ၈ တပ်ရင်းမှူး ဒုရဲမှူးကြီးသန့်စင်ဦးက “ဒါဆူပူမှု သပိတ်စစ်ကြောင်း ၀င်ရောက်လာတဲ့ အခါမှာ သူတို့ဝင်ရောက်နိုင်ခြင်း မပြုစေရေး အတွက်ပေါ့၊ အဲဒါလေးနဲ့ ဟန့်တား ဆောင်ရွက်မှာပါ၊ အမိန့်ရမှ ဆောင်ရွက်မှာပါ” လို့ပြောပါတယ်။

ဒီလုံခြုံရေး တပ်ဖွဲ့တွေကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးတို့က အဓိက ကွပ်ကဲဆောင်ရွက်နေတယ် လို့ ဆိုပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ချီတက်နေတဲ့ ကျောင်းသားတွေကို ရေအမြောက်ကား အသုံးပြုပြီး ဖြိုခွင်းဖို့ ကြိုးစားမယ့် လုပ်ရပ်အပေါ် ဗကသများအဖွဲ့ချုပ်က မေးခွန်း ထုတ်ခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကျော်ကိုကိုက “လက်နက်ဆန်းတွေပေါ့၊ နိုင်ငံခြားက ရောက်ရှိလာတဲ့ ရေသေနတ် အမြှောက်တို့ ဘာတို့ဟာ ဖြိုခွဲမှုမှာ သုံးတယ်ဆိုတာ မှန်ပေမယ့် မြန်မာပြည်မှာ တခေါက်မှ မသုံးဖူးသေးဘူး၊ ဆိုလိုတာက သမိုင်းတလျှောက်လုံးမှာ တခေါက်မှ မသုံးစွဲခဲ့တဲ့ လက်နက်တွေနဲ့ ကျောင်းသားထုကို ကန့်သတ်ဖြိုခွဲဖို့ဆိုတဲ့ သဘောထားကိုတွေ့ရတယ်၊ အမှတ် ၈ ရဲတပ်ရင်းဆိုတာကလည်း ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ဖြိုခွင်းခဲ့တဲ့ အတွေ့အကြုံရှိတဲ့သူတွေပါနေတယ်၊  သူတို့ရဲ့ တပ်ဖွဲ့ကို သေချာပြင်ဆင်ထားပြီးတော့ ဖြိုခွဲဖို့ အတွက် စည်း ၃ တန် တားထားတယ်ဆိုတာမျိုးတွေ၊ ဒီစည်းကို ကျော်ရင် ပစ်မယ်ဆိုတဲ့ စာသားတွေ ရေးထားတာမျိုးကိုတွေ့ရတယ်၊ ဒါဟာ ကျနော်တို့ သပိတ်တောင်းဆိုမှုတွေကို လစ်လျူရှုရာကြတယ် ”လို့ ပြောပါတယ်။

၁၁ ရက်ကြာ ရပ်နားထားတဲ့ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းဟာ ရန်ကုန်မြို့ကို ဦးတည်ပြီး ဆက်လက် ချီတက်ဖို့ ဒီကနေ့မနက် လက်ပံတန်းကထွက်ခွက်ခွာဖို့ပြင်ဆင်နေချိန်မှာ လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်ေ၇ှ့ကို ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး ရဲကား ၇စီး၊ ရေကား၂စီးနဲ့ ပိတ်ဆို့ဝိုင်းရံထား လိုက်ပါတယ်။

အ​ခြေခံပညာ ကျောင်းသားတွေ စာ​မေးပွဲဖြေဆိုတာကို အ​နှောက်​အယှက်​ မဖြစ်​ဖို့နဲ့ ​ကျောင်းသား​တွေ ​တောင်းဆိုထားတဲ့ အချက်​ ၁၁ ချက်​ အပေါ် လွှတ်​​တော်​က ဆုံးဖြတ်​ချက်​ချဖို့ ​စောင့်​ဆိုင်းတဲ့အ​နေနဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းဟာ ​ဖေဖော်ဝါရီ ၁၉ ရက် စတင်ပြီး လက်​ပံတန်းမြို့ ​အောင်​​မြေဗိမာန်​​ ကျောင်းတိုက်​မှာ  ရပ်နားနေခဲ့တာဖြစ်ပါတယ်။

၁၁ ရက်ကြာ ရပ်နားပြီး စောင့်ဆိုင်းခဲ့ပေမယ်လို့လဲ လွှတ်တော်တွင်း လုပ်ငန်းစဉ်တွေ တိုးတက်မှု မရှိခဲ့တာကြောင့် သပိတ်စစ်ကြောင်းကို မတ် ၂ ရက် နံနက်ပိုင်းမှာ ပြန်လည်စတင်ဖို့ တညီတညွတ်ထဲ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အဖြစ်နိုင်ဆုံး လိုက်လျောပေးခဲ့သလို လုပ်ထုံးလုပ်နည်းနဲ့အညီ လွှတ်တော်မှာ တင်ပြ ဆွေးနွေးနေတုန်းဖြစ်တာကြောင့် ကျောင်းသားတွေ အနေနဲ့ ဆန္ဒပြတာကို ရပ်ဆိုင်းထားရမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းသားတွေဖက်ကတော့ ဒါဟာ ဖိအားပေးခြိမ်းခြောက်တဲ့ လုပ်ရပ် ဖြစ်လို့ လက်မခံနိုင်ဘူး လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

[gallery ids="83839,83841,83840,83842"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013