
ပြီးခဲ့တဲ့အပတ် လုံခြုံရေးစမ်းသပ်နေချိန်မှာ သူတို့ရဲ့ AI စနစ်က တခြားကုမ္ပဏီတခုကို ဖောက်ထွင်းခဲ့တယ်လို့ OpenAI က ဇူလိုင် ၂၁ ရက်မှာ ဝန်ခံလိုက်ပါတယ်။
မူလက ဒီ AI ကို အပြင်နဲ့ အဆက်အသွယ်ဖြတ်ပြီး ထိန်းချုပ်ထားတဲ့ နေရာတခုမှာပဲ စမ်းသပ်နေတာပါ။
ဒါပေမဲ့ AI ဟာ ခိုင်းစေထားတဲ့ စမ်းသပ်မှုပန်းတိုင်ကို အောင်မြင်ဖို့အတွက် အဲဒီထိန်းချုပ်စနစ်ကနေ ရုန်းထွက်ခဲ့ပါတယ်။
အဲဒီနောက် အင်တာနက်ကိုချိတ်ဆက်ပြီး အများပြည်သူသုံး AI မိုဒယ်တွေနဲ့ အချက်အလက်တွေ စုစည်းထားတဲ့ Hugging Face ပလက်ဖောင်းဆီ သူ့ဘာသာ ဖောက်ထွင်းခဲ့တာပါ။
ဒီတိုက်ခိုက်မှုကို အသစ်ထွက်ရှိထားတဲ့ GPT-5.6 Sol မိုဒယ်နဲ့ စမ်းသပ်ဆဲ မိုဒယ်အသစ်တို့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီ AI ဟာ ခိုးယူထားတဲ့ အချက်အလက်တွေနဲ့ လူမသိသေးတဲ့ အားနည်းချက်တွေကို သုံးပြီး Hugging Face ရဲ့ ဆာဗာတွေဆီ ဝင်ရောက်ခဲ့တာပါ။
အခုတိုက်ခိုက်မှုဟာ “အရင်ကြုံဖူးသမျှနဲ့ မတူဘဲ AI စနစ်ကနေ အစအဆုံး ကိုယ်တိုင်လုပ်ဆောင်သွားတာ” လို့ Hugging Face က ထုတ်ပြန်ခဲ့ပြီး ဆိုက်ဘာလုံခြုံရေးနယ်ပယ်မှာ ဂယက်ရိုက်သွားပါတယ်။
ဒါဟာ မကြုံစဘူး ဆိုက်ဘာဖြစ်ရပ်တခု ဖြစ်တယ်လို့ OpenAI အမှုဆောင်အရာရှိချုပ် ဆမ်အော့တ် မန်းက ဝန်ခံထားပြီး ကုမ္ပဏီရဲ့ လုံခြုံရေးစနစ်တွေကို ပိုမိုတင်းကျပ်နေတယ်လို့ ဆိုပါတယ်။Hugging Face ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ကလီမင့်ဒီလန်းကတော့ အခုလို AI က သူ့ဘာသာ ဖောက်ထွင်းနိုင်ခဲ့တာကို အံ့သြမိပေမဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း မှတ်ချက်ပြုပါတယ်။
အခုလို AI စနစ်တွေရဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေ ကြီးထွားလာတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က AI လုံခြုံရေးဆိုင်ရာ အမိန့်စာတရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။











