DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များနှင့် ဥပဒေကြမ်းကော်မတီတွေ့ဆုံ
DVB
·
February 27, 2015
သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များနှင့် ဥပဒေကြမ်းကော်မတီတွေ့ဆုံ
Donate to DVB

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာ ရောက်ရှိနေတဲ့ ကျောင်းသားသပိတ်ပင်မစစ်ကြောင်း က ဆန္ဒပြအဖွဲ့ခေါင်းဆောင် ၉ ဦးဟာ  ဒီကနေ့ နေပြည်တော်ကို သွားရောက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကျောင်းသားသပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမငိးထက်နေ၊ ကိုမင်းသွေးသစ်၊ ကိုရဲရင့်ကျော်၊ မဟန်နီဦး၊ ကိုအော်မှိုင်းဆန်း၊ နန္ဒစစ်အောင်နဲ့ ကိုအောင်နေပိုင် တို့ (၉) ဦးကို ဦးတီခွန်မြတ် ခေါင်းဆောင်တဲ့ ပြည်သူ့လွှတ်တော်ဥပေဒကြမ်းကော်မတီက လက်ခံတွေ့ဆုံပြီး ဥပဒေပြုရေး လုပ်ငန်းစဉ်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက “အဓိကကတော့ ကျနော်တို့ ဥပဒေပြုရေးလုပ်ငန်းစဉ်ပေါ့။ အဲဒါတွေ သူတို့ မေးမြန်းတာပါ။ ကျနော်တို့က သူတို့ ကျေနပ်လောက်အောင် ဖြေပေးလိုက်ပါတယ်။ ဒီပညာရေးဥပဒေကြမ်းတင်ထားတဲ့ပေါ်မှာ ဥပဒေနဲ့ ညီမညီ၊ ဥပဒေနဲ့အညီရောက်ရှိလာတာဆိုလို့ရှိရင်လည်း ဥပဒေပြုရေးလုပ်ထုံးလုပ်နည်းအရ ဘယ်လိုဆောင်ရွက်ရတယ်ဆိုတာလေးတွေမေးတာပါဗျ၊” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျောင်းသားတွေအနေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကနေဆင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို တွေ့ခွင့်တောင်းတဲ့အတွက် သူတို့ ရည်ရွယ်ချက်အထမြောက်အောင် ဥပဒေကြမ်းကော်မတီကို တာဝန်ပေးပြီး တွေ့ခိုင်းတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ကျောင်းသားတွေ အချိန်အနည်းငယ်ပဲ နှုတ်ဆက်စကားပြောခွင့်ရခဲ့တယ်လို့  ဦးစောလှထွန်းက ပြောပါတယ်။

ဒီကနေ့တွေ့ဆုံရမှာပါဝင်တဲ့ ကိုနန္ဒစစ်အောင်ကတော့ သူတို့ ကျောင်းသားတွေအနေနဲ့ လက်ရှိ အစိုးရနဲ့ ကျောင်းသားတွေအကြား ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ ဖြေရှင်းနိုင်ဖို့ သွားရောက်ဆွေးနွေးခဲ့တာလို့ ပြောပါတယ်။

“လွှတ်တော်ထဲကို ဥပဒေမူကြမ်းရောက်တဲ့အချိန်ကစပြီးတော့ ပညာရေးဝန်ကြီးဌာနကနေ ကျနော်တို့နဲ့ တန်ပြန်လှုပ်ရှားမှုတွေ၊ ပညာရေးဝန်ကြီးဌာနအောက်ကနေပြီး ကျနော်တို့ကို တက္ကသိုလ် ပါမောက္ခချုပ်တွေက ဦးဆောင်တဲ့ တန်ပြန်လှုပ်ရှားမှုတွေ ပေါ်လာတယ်ဗျာ။ အဲဒီတန်ပြန်လှုပ်ရှားမှုတွေ အရှိန်အဟုန် အားကောင်းကောင်းနဲ့ပေါ်လာတယ်။ ဆိုတော့ လွှတ်တော်က ကြန့်ကြာခဲ့မယ်ဆိုရင် ဒီပြဿ နာတွေ ပိုပြီးကြီးထွားလာနိုင်တယ်ပေါ့နော်။ လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာရေးကို ထိခိုက်လာနိုင်တဲ့အတွက်ကြောင့်  ကျနော်တို့နဲ့ လွှတ်တော်က ဒီတန်ပြန်လှုပ်ရှားမှုတွေရဲ့ နောက်မှာ ပိတ်မိနေတယ်လို့မြင်တယ်။ ဒါကြောင့် ထွက်ပေါက်ဘယ်လိုရှာမလဲ၊ နောက် ကျနော်တို့ရဲ့ ကြိုတင်သတ်မှတ်ချက် ၉ ချက်အပေါ် ပညာရေးဝန်ကြီးဌာနက ချိုးဖောက်မှုတွေဟာ ကျနော်တို့ ဘယ်လို ကိုင်တွယ်မလဲပေါ့။ အဲဒါကို လွှတ်တော်ကို ဆွေးနွေးချင်တဲ့သဘောနဲ့ လာရောက်ဆွေးနွေးတာဖြစ်ပါတယ်။”

ကျောင်းသားတွေရဲ့ ဆွေးနွေးမှုကို ဥပဒေမူကြမ်းကော်မတီက လွှတ်တော်နာယကသိအောင် ပြန်လည်တင်ပြပေးပါမယ်ဆိုပြီး ပြန်လည်ဖြေကြားခဲ့တယ်လို့ ပြောပါတယ်။

ကျောင်းသားတွေကို ပြည်ထောင်စုလွှတ်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့ကိုလည်း ပြည်ထောင်စုလွှတ်တော် ကျင်းပနေပုံတွေနဲ့ ဥပဒေပြုလုပ်ငန်းစဉ်တွေ လွှတ်တော်တွေရဲ့ ဆောင်ရွက်နေမှုတွေကို သိမြင်ခွင့်ရရှိစေခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013