DVB Logo
Home
မြန်မာသတင်း
အစိုးရမေတ္တာပျက်စေရန် ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်မှုဖြင့် ဓာတ်ပုံသတင်းထောက်ကို ဖမ်းဆီး
DVB
·
February 27, 2015
အစိုးရမေတ္တာပျက်စေရန် ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်မှုဖြင့် ဓာတ်ပုံသတင်းထောက်ကို ဖမ်းဆီး
Donate to DVB

မုံရွာမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို ဖေ့စ်ဘွတ်ပေါ် အစိုးရမေတ္တာပျက်အောင် ရေးတင်တာကြောင့် သက်ဆိုင်ရာက ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ သတင်းရဲတပ်ဖွဲ့က ရဲမှူးမြင့်လွင်က တရားလိုလုပ်ပြီး မုံရွာရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ကိုအောင်နေမျိုးကို ဖေဖော်ဝါရီ မနက်ပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ မုံရွာ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးနေမျိုးက ပြောပါတယ်။

“လာဆွဲတုန်းကတော့ မူးယစ်မှုလို့ ပြောတယ်ဗျ။ တကယ်တမ်း အခု ကျနော်တို့ မိသားစုနဲ့ လိုက်တဲ့အခါကျတော့ မူးယစ်မှု မဟုတ်တော့ဘူး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပုဒ်မ တပ်ထားတယ်ပြောတယ်ဗျ။”

ဖေဖော်ဝါရီ ၂၇ ရက်ရက်စွဲနဲ့ အွန်လိုင်းပေါ်တက်လာတဲ့ အမှုဖွင့်တိုင်ကြားစာမှာတော့ ကိုအောင်နေမျိုးနဲ့ အပေါင်းပါတွေဟာ ဖေဖော်ဝါရီ ၀၁း၀၀ ချိန်ကနေ ၀၂း၄၅ ချိန်ထိ Aung Nay Myo facebook စာမျက်နှာမှာ စီစဉ်သူ ဦးသိန်းစိန်၊ ၀တ္ထုသန်းရွှေ၊ ဇာတ်ညွှန်းကြိုင်ကြိုင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စီစဉ်သည့် မိုးလုံးပြည့်ဝါဒမှိုင်းတိုက်သော ဇာတ်ကြမ်း ‘ကွန်ဒုံ ရက် ၄၀’ လို့ ဖော်ပြထားပါတယ်။

ဒီလို ရေးသားဖော်ပြထားတာဟာ အစိုးရကို မေတ္တာပျက်အောင်၊ အစိုးရရဲ့ ၀တ္တရားဆောင်ရွက်ချက်ကို ယုတ်လျော့အောင်၊ ပျက်စီးအောင် မဟုတ်မှန်းသိလျက်နဲ့ မမှန်သတင်းလွှင့်ရန်ကြံစည်ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

ကိုအောင်နေမျိုးနဲ့ အပေါင်းပါတွေကို ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က) (င) တို့အရ အမှုဖွင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်နေမျိုးဟာ အလွတ်တန်းသတင်းထောက်တယောက်ဖြစ်သလို နိုင်ငံရေးပါတီနဲ့ ၈၈ ငြိမ်းချမ်းပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ လှုပ်ရှားမှုတွေမှာ အားတက်သရော ပူးပေါင်းကူညီလုပ်ဆောင်ပေးနေသူတယောက်လည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့က လူ့အခွင့်အရေးရှေနေ့ ဦးရောဘတ်စန်းအောင်ကတော့ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က)(င) တို့နဲ့ အမှုဖွင့်တာ ပြင်းထန်လွန်းတယ်၊ စွပ်စွဲခံရသူ လွတ်လမ်း မရှိဘူးလို့ သုံးသပ်ပြောကြားပါတယ်။

“ဖြေရှင်းရတဲ့လူအတွက် မသက်သာဘူး၊ ဒီဥစ္စာက နိုင်ငံရေးပုဒ်မ၊ အီလက်ထရောနစ်ဥပဒေနဲ့ဆိုရင်တော့ ဖြေရှင်းရတဲ့နေရာမှာ အခက်အခဲ မရှိနိုင်ဘူး။ နောက်ပြီး ၅ လောကမှာတော့ ဒါကို ဒိုင်စားပုဒ်မလို့ခေါ်တယ်။ ဒိုင်စားပုဒ်မဆိုတာ တရာစွဲတဲ့သူဘက်ကပဲ အမြဲ အသားစီးရပြီး အနိုင်ရတယ်။ ကျပြီဆိုရင်တော့ အနည်းဆုံး ၇ နှစ်ပဲ။”

ဖေဖော်ဝါရီ ၉ ရက်ကစလို့ ရှမ်းပြည်အရှေ့မြောက်ပိုင်း လောက်ကိုင်မှာ တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်ကစပြီး ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာပေါ်မှာ တပ်မတော်ဘက်က ထောက်ခံသူတွေနဲ့ ကန့်ကွက်ရေးသားနေသူတွေ အပြန်အလှန် တင်ဆက်နေကြတာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်ရေးတင်သူတယောက်ကို အစိုးရက အခုလို ဖမ်းဆီး အမှုဖွင့်လိုက်တာဟာ ပထမဆုံးဖြစ်ပြီး လွှတ်တော်ကို စော်ကားရေးသားတယ်ဆိုတဲ့ ဒေါက်တာဆိတ်ဖွား ရှာပုံတော်ဖွင့်ခဲ့တာတော့ ဖြစ်ပွားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013