DVB Logo
Home
မြန်မာသတင်း
ထိုင်းကျန်းမာရေး အာမခံစနစ်ကို အတုယူရန် မြန်မာကို ထိုင်းဝန်ကြီးချုပ် အကြံပြု
DVB
·
February 26, 2015
Donate to DVB

မြန်မာပြည်သူတွေကို  ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ဖို့အတွက်  ထိုင်းနိုင်ငံရဲ့ ကျန်းမာရေး အာမခံစနစ်ကို အတုယူဖို့ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့  မြန်မာဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို ထိုင်းဝန်ကြီးချုပ်က အကြံပြုလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားနဲ့ မြန်မာဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့ ဖေဖော်ဝါရီ ၂၅ ရက် မနက်က   ထိုင်းအစိုးရ အိမ်တော်မှာ တွေ့ဆုံစဉ် အကြံပြု ပြောကြားခဲ့တာလို့   ထိုင်းအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီ တွေ့ဆုံမှုမှာ ပြည်သူ့ဘ၀ ဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အဓိကထား ဆွေးနွေးခဲ့တာ ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်က သူနိုင်ငံရဲ့ ကျေးလက်ဒေသ ကျန်းမာရေး ၀န်ဆောင်မှုအကြောင်း၊ လူမှုဖူလှုံရေးအာမခံစနစ်နဲ့ ကျန်းမာရေးအာမခံစနစ် ထားရှိပုံတွေ ပြောကြားကာ မြန်မာနိုင်ငံအနေနဲ့ လေ့လာအတုယူဖို့  အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးအာမခံစနစ်အရ ထိုင်းနိုင်ငံသားတွေအနေနဲ့ ဆေးကုသခ တကြိမ်လျှင် ထိုင်းဘတ်ငွေ ၃၀ သာကုန်ကျခံရမှာ ဖြစ်ပါတယ်။ လူမှုဖူလှုံရေး အာမခံစနစ်မှာတော့ လူတစ်ဦးကို လစဉ် ထိုင်းဘတ်ငွေ ၃၄၂ ဘတ် ထည့်ဝင်ပြီးရင် နာမကျန်း၊ ထိခိုက်ဒဏ်ရာရ၊  ဒုက္ခိတ၊ အိုမင်းမစွမ်း၊ သေဆုံးခြင်း စတဲ့အခြေအနေတွေမှာ ထောက်ပံ့ကြေးပေးတဲ့စနစ် ဖြစ်ပါတယ်။

မြန်မာဒုသမ္မတကလည်း အဲဒီအကြံပြုချက်နဲ့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံအပေါ် ဆေးဝါးထောက်ပံ့မှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံမှာ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေ လုံလောက်မှုမရှိတဲ့အကြောင်းနဲ့ ရှေ့ဆက် ၂ နိုင်ငံ ကျန်းမာရေး အသိပညာ ဖလှယ်ဖို့၊ အခြေခံပညာကျောင်းနဲ့ တက္ကသိုလ်တွေမှာ ကူးစက်ရောဂါဆိုင်ရာ သင်ခန်းစာတွေ ထပ်မံဖြည့်စွက်ပညာပေးရေး ကိစ္စတွေ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်ရောက် ထိုင်းနိုင်ငံသားလုပ်ငန်းရှင်တွေကို ကူညီစောင့်ရှောက်ဖို့နဲ့  ထားဝယ်စီးပွားရေးဇုန်မှာ ထိုင်းနိုင်ငံက ဆေးရုံတည်ဆောက်မယ့် ကိစ္စတွေလည်း ဆွေးနွေးကြ ပါတယ်။

၂ နိုင်ငံ အလုပ်သမားစေလွှတ်တဲ့ ကိစ္စမှာတော့ နိုင်ငံသားစိစစ်ရေးကိစ္စ ပူးပေါင်းဆောင်ရွက်မှုကို ကျေနပ်အားရကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့ စက်မှုဇုန်၊ ပယ်လယ်ရေလုပ်ငန်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ နောက်ထပ်အလုပ်သမားတွေ လိုအပ်မယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နှစ်ဘက်ထိစပ်နေတဲ့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးလုပ်ငန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကိစ္စတွေ ဆွေးနွေးခဲ့ပြီး  ခရီးသွား လုပ်ငန်းမှာဆိုရင် သွားရောက်လည်ပတ်သူတွေ ပိုပြီးများလာတဲ့အတွက် လုံခြုံရေးကိစ္စ ပိုမိုတာဝန်ယူ ဆောင်ရွက်ရေးတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013