
ရခိုင်ပြည်နယ်အနှံ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ မြေပြိုကျမှုတွေ၊ ရေစီးသန်မှုတွေကြောင့် ရခိုင်က ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ ကုန်တင်ကားတွေ ပိတ်မိနေလို့ ကုန်သည်တွေမှာ ဆုံးရှုံးနစ်နာမှုတွေ များစွာရှိနေတယ်လို့ ရခိုင်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ မကွေး-ဆော ကုန်သွယ်ရေးလမ်းကြောင်းတွေဟာ လက်ရှိမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့အတူ တောင်ပြိုတာ၊ ရေစီးသန်တာ၊ လမ်းခရီးကြမ်းတမ်းတာတွေကြောင့် ရခိုင်က ကုန်သည်တွေမှာ အခက်အခဲတွေ များစွာရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်နဲ့ ရွာသစ်လမ်းဘက်တွေမှာလည်း မြေပြိုကျမှုတွေကြောင့် ကုန်တင်ကားအစီး ၅၀ လောက် ပိတ်မိနေပြီး ကုန်စည်တွေ ပျက်စီးဆုံးရှုံးနေတယ်လို့ ရခိုင်နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
ရခိုင်ကုန်သည်တယောက်က “လောင်တလိုင်နဲ့ တိုက်ပုချေ/ရွာသစ်လမ်းတွေက ခုလောလောဆယ် အဲဒီလမ်းတွေက မြေပြိုကျနေပါတယ်။ ကားတွေအများကြီး ပိတ်မိနေပါတယ်။ တချို့စားကုန်တွေ ကြက်ဥတို့ ကြက်သွန်နီတို့ဆိုရင် လမ်းပိတ်နေတဲ့ခါကျတော့ ပုပ်သွားတာတွေလည်း ရှိပါတယ်။ မိုးနည်းနည်းလောက်ကြီးတော့လေ မြေပြိုကျပြီး လမ်းတွေ ပိတ်မိနေတာပါ။ အိပ်ရတာ စားရတာ သောက်ရတာတွေကလည်း အဲဒီနားတဝိုက်မှာ ဆိုင်တွေမရှိတော့ ဒီအတိုင်းပဲ ကြံဖန်ပြီး စားသောက်နေရတယ်။ တချို့နေရာတွေမှာဆိုရင် ကားအကြီးနဲ့ သယ်လို့မရတော့ ကားအငယ်ကို သုံးပြီး သယ်ရတယ်။ အဲဒီချိန်ကျရင် စရိတ်တွေက ပိုပြီး ဈေးများသွားတာပေါ့နော်။ ဒီဘက်မှာက တချို့နေရာတွေမှာ ပိုက်ဆံတွေတောင်းတာရှိတယ်။ နယ်စပ်တွေမှာ အခွန်အခမဟုတ်ဘဲ ဒီအတိုင်း အလွတ် ပိုက်ဆံပိုပေးရတာတွေ ရှိတယ်။ လွန်ခဲ့တဲ့တလလောက်ကလည်း ရေကြီးပြီးတော့ ကုန်သည်တယောက်ဆိုရင် သိန်းထောင်ချီ ဆုံးရှုံးလိုက်ရတာ ရှိပါတယ်” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်ကတည်းက စစ်အုပ်စုရဲ့ ကုန်စည်စီးဆင်းမှု ကန့်သတ်ချက်တွေကြောင့် အိန္ဒိယနယ်စပ်ကိုသာ အဓိကအားထားနေရတဲ့ ရခိုင်ဒေသအတွက် အခုလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြားမှာ စားဝတ်နေရေးကို အကြီးအကျယ် ရိုက်ခတ်မှုရှိနေပါတယ်။
တဖက်မှာလည်း လမ်းခရီးကြမ်းတမ်းမှုတွေအပြင် ဂိတ်တွေမှာ ပေးဆောင်ရတဲ့ အခွန်မဟုတ်တဲ့ ငွေကြေးတောင်းခံမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှု များတဲ့အတွက် အမြတ်ငွေထက် အရှုံးနဲ့သာ ရင်ဆိုင်နေရတာပါလို့ ဆိုပါတယ်။
ဒါပေမဲ့လည်း အလုပ်အကိုင် ရှားပါးမှုတွေကြောင့် အသက်အန္တရာယ် လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေကြားကနေ မိသားစုစားဝတ်နေရေးအတွက် မဖြစ်မနေ လုပ်ဆောင်နေရတာ ဖြစ်တယ်လို့ ရခိုင်ကုန်သည်တွေက ဆိုပါတယ်။
အထူးသဖြင့် လမ်းခရီးကြန့်ကြာမှုတွေကြောင့် ကုန်ပစ္စည်းတွေကို အချိန်မီ မပို့ဆောင်နိုင်တဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေ ရှိနေပြီး သက်ဆိုင်ရာက စနစ်တကျ လုပ်ဆောင်ပေးစေလိုတယ်လို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
ရခိုင်ကုန်သည် အမျိုးသမီးတယောက်က “သွားရလာရတာက မိုးတွင်းပိုင်းဆိုတော့ သိပ်အဆင်မပြေဘူး။ လမ်းပေါ်မှာလည်း ပစ္စည်းတွေချတဲ့အချိန် လှေတွေ မှောက်ကြတယ်၊ အသက်တွေ ဆုံးရှုံးရတာတွေလည်း ရှိတယ်။ အဲဒီလမ်းတွေက အဆင်မပြေတော့ လမ်းခရီးက ကြန့်ကြာတယ်။ တကယ်လို့ ကြက်သွန်တို့၊ အာလူးတို့၊ ကြက်ဥတို့ ယူလာလို့ရှိရင်လည်း သုံး လေးရက်လောက်ဆိုရင် ပုပ်သွားတာတို့ရှိတော့ ပြန်ရောက်တဲ့အချိန် အလေအလွင့်တွေများတော့ ဆုံးရှုံးမှုတွေက ပိုများတယ်။ လမ်းခရီးမှာ ကြန့်ကြာနေရင် ကုန်သည်တွေလည်း နစ်နာမှုရှိတော့လေ၊ အဲဒီတော့ လမ်းခရီးတွေကို ကောင်းမွန်အောင် လုပ်ပေးစေချင်ပါတယ်။ သက်ဆိုင်ရာအစိုးရဌာနက ဂိတ်တွေရှိတော့ ဂိတ်တွေက သတ်မှတ်ပြီးတော့ ကုန်သည်တွေကို စနစ်တကျနဲ့ လုပ်ပေးစေချင်ပါတယ်။ အချိန်မီရလာရင် ကုန်သည်တွေအတွက်လည်း အဆင်ပြေတယ်။ ပြည်သူတွေရော စားသုံးသူတွေအတွက်လည်း အဆင်ပြေပါတယ်” လို့ ပြောပါတယ်။
တဖက်မှာလည်း ရခိုင်ဒေသမှာ အသက် ၃၅ နှစ်အောက် လူငယ်တွေကို ပြည်ပထွက်ခွင့် ကန့်သတ်ထားတဲ့အတွက် ရခိုင်က လူငယ်ကုန်သည်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် ရခိုင်ကုန်သည်တွေကတော့ သူတို့ရဲ့လုပ်ငန်းတွေ ပိုမိုချောမွေ့စေဖို့အတွက် သက်ဆိုင်ရာက ကုန်သည်အဖြစ် အသိအမှတ်ပြုတဲ့ ID ကတ်မျိုး ထုတ်ပေးနိုင်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
ခုလို လမ်းခရီး ကြမ်းတမ်းမှုတွေကြောင့် ဒေသတွင်း ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ရှိနေတဲ့အတွက် လုံခြုံပြီး စိတ်ချရတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတခု အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ဖို့ ရခိုင်က ကုန်သည်တွေက မျှော်လင့်တောင်းဆိုနေကြပါတယ်။











