DVB Logo
Home
မြန်မာသတင်း
တရုတ်ဘဏ်မှ ဒေါ်လာသန်း ၃၀၀ ချေးရန် လွှတ်တော်အတည်ပြု
DVB
·
February 26, 2015
တရုတ်ဘဏ်မှ ဒေါ်လာသန်း ၃၀၀ ချေးရန် လွှတ်တော်အတည်ပြု
Donate to DVB

နိုင်ငံတော်သမ္မတက ပေးပို့ထားတဲ့ တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (EXIM Bank Of China) ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးယူခွင့်ကိစ္စ   ပြည်ထောင်စုလွှတ်တော်က  ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အတည်ပြုပေးလိုက်ပါတယ်။

ဒီချေးငွေဟာ  သမ၀ါယမ၀န်ကြီးဌာနက စီမံအကောင်အထည်ဖော်မယ့် အသေးစား ချေးငွေထုတ်ပေးရေး အစီအစဉ်တွေအတွက် ၀န်ကြီးဌာနရဲ့ လိုအပ်ချက်အရ ရယူမယ့် ချေးငွေဖြစ်တယ်။

သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကတော့  ချေးယူမယ့် ဒေါ်လာသန်း ၃၀၀ ဟာ   နိုင်ငံတော်က တိုက်ရိုက်ပေးဆပ်ရမယ့် အကြွေးမဟုတ်ဘဲ သမ၀ါယမအသင်းသား တွေက ဆပ်ရမှာဖြစ်လို့ ၀န်ပေါ့ပြီး  ၀န်ထုပ်ဝန်ပိုး မဖြစ်တဲ့အကြောင်း  ပြည်ထောင်စု လွှတ်တော်မှာ ပြောသွားပါတယ်။

ဒီချေးငွေတွေကို ဘယ်အချိန်မှာ ဘယ်လို ပြန်ဆပ်မယ်ဆိုတာ တိတိကျကျ မသိရပေမယ့်   ၀န်ကြီး ဦးကျော်ဆန်းကတော့ ငွေကျပ် ၁ သိန်းမှ ၅ သိန်းအထိ ပြန်ထုတ်ချေးမည့် အစီအစဉ်မှာ လူတိုင်းကိုထုတ်ချေးမှာ မဟုတ်ဘဲ လုပ်ငန်းအခြေအနေအရ ထပ်မံ ထုတ်ချေးသင့်သူများကိုသာ ထပ်မံ ထုတ်ချေးသွားမယ်လို့  ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် ကတော့  ဆင်းရဲနွမ်းပါးမှု ၁၆ ရာခိုင်နှုန်းသို့ လျော့ကျစေရေး၊ တောင်သူလယ်သမားနဲ့ ပြည်သူလူထု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာသန်း ၃၀၀ ချေးယူပြီး ကျပ် ၁ သိန်းမှ ၅ သိန်းထိ ထုတ်ပေးဖို့ ရည်ရွယ်ချက်ဟာ ကောင်းမွန်ပေမယ့် လယ်သမားတွေကို ငွေထုတ်ချေးရုံဖြင့် ဘ၀အခက်အခဲတွေ လုံးဝ ပြည့်စုံသွားမှာ မဟုတ်ဘူးလို့  လွှတ်တော်မှာ ဆွေးနွေးသွားပါတယ်။

လွှတ်တော်အမတ် ဒေါ်ခင်မွှေးလွင်ကလည်း ချေးငွေပေးတာကို ထိထိရောက်ရောက် ပညာပေးနည်းတွေနဲ့ အချိန်ယူ ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်ဘဲ ဖြတ်လမ်းနည်းနဲ့ ငွေ ချေးရုံသက်သက် ဆောင်ရွက်မယ်ဆိုရင်  မှန်မှန်ကန်ကန် အသုံးချတတ်သူတွေအတွက် အကျိုးများနိုင်ပေမယ့် အသုံးမချတတ်သူတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ပြောပါတယ်။

အမျိုသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြည်သူတွေအတွက် အသေးစားချေးငွေလုပ်ငန်းတွေ ဆောင်ရွက်ပေးတာဟာ  အမှန်တကယ် ကောင်းမွန် လိုအပ်တဲ့ ကိစ္စရပ် ဖြစ်လို့ ထောက်ခံကြောင်းပြောကြားခဲ့ပြီး  လွှတ်တော်အမတ်တွေ ဖြစ်တဲ့ ဦးအောင်ကျော်စိုးနဲ့ မန်းကံညွန့်တို့ကလည်း ချေးငွေကိစ္စ ထောက်ခံ ဆွေးနွေးသွားပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ  စီမံချက် ၂၆ ခုအတွက် ချေးငွေ  အမေရိကန်ဒေါ်လာ ၃၈၅၂.၉၂၈ သန်းချေးယူဖို့  ညှိနှိုင်းထားတဲ့ အနက် ကန်ဒေါ်လာ သန်း ၁၅၀.၇၃၄ သန်း ရရှိပြီးပြီးလို့   ပြည်ထောင်စုဒုဝန်ကြီးဒေါ်လဲ့လဲ့သိန်းက ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013