
စစ်အာဏာသိမ်း ၅ နှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် သေဆုံးသူအရေ အတွက်ဟာ ၁ သိန်းကျော်အထိ ရှိလာပြီလို့ ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲစောင့်ကြည့်လေ့လာရေး နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ ACLED (Armed Conflict Location & Event Data) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Asia News သတင်းမှာ ဇူလိုင် ၁ ရက်က ဖော်ပြပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းယူခဲ့ချိန်ကစလို့ ဒီကနေ့အထိ မြန်မာနိုင်ငံမှာ အနည်းဆုံး လူပေါင်း ၁၀၀,၁၁၄ ယောက် သေဆုံးခဲ့ပြီဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံကို ပါလက်စတိုင်းဒေသ ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အကြမ်းဖက်မှုအများဆုံးနေရာ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။
ဒီကိန်းဂဏန်းတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အခုနှစ်အစောပိုင်းမှာ အတုအယောင် ရွေးကောက်ပွဲတွေ ကျင်းပကာ တည်ငြိမ်မှုပြန်လည်ဖော်ဆောင်ပေးမယ်ဆိုတဲ့ စစ်အာဏာရှင် တပ်ရဲ့ ကတိကဝတ်တွေဟာ မမှန်ကန်ကြောင်း သက်သေပြနေတာဖြစ်တယ်လို့ လည်း ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ လက်ရှိမှာ နေရပ်စွန့်ခွာရသူပေါင်း ၃ ဒသမ ၇ သန်းကျော် ရှိနေပြီး ပြည်သူ ၅ ယောက်မှာ တယောက်ထက်မနည်းဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာမလုံခြုံမှုဒဏ်ကို ခံစားနေရတာပါ။
စစ်အာဏာရှင်တပ်တွေဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေ တွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းတဲ့အနေနဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေထဲက ကျေးရွာတွေ၊ ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို ဆက်လက်ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ စစ်ကြောင်းထိုး ရွာမီးရှို့ လူသတ်တာတွေ ဆက်လက် လုပ်နေဆဲ ဖြစ်ပါတယ်။
ACLED အဖွဲ့ကတော့ ဒီပြည်တွင်းစစ်အတွင်း သီးခြားလက်နက်ကိုင်အဖွဲ့ပေါင်း ၁,၂၀၀ ကျော် ရှိနေကြောင်း မှတ်တမ်းတင်ထားသလို ဒါဟာ ကမ္ဘာပေါ်မှာ အုပ်စု အကွဲပြားဆုံးနဲ့ အရှုပ်ထွေးဆုံး ပြည်တွင်းစစ်ပဋိပက္ခ ဖြစ်တယ်လို့ ရည်ညွှန်းလိုက်တာပါ။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရေရှည်တည်ရှိလာတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို တည်ထောင်ခဲ့ကြသလို မြန်မာ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှာ ရာနဲ့ချီတဲ့ တပ်ရင်းတွေ သစ္စာခံနေတာ ဖြစ်တယ်လို့ လည်း ဖော်ပြပါတယ်။
ဒါပေမဲ့ မကြာသေးမီလပိုင်းတွေအတွင်း တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအရ ပံ့ပိုးကူညီ မှုတွေ တိုးလာတာနဲ့ တရုတ်က ကြားဝင်စေ့စပ်ပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကြောင့် စစ်ရေးအခြေအနေဟာ စစ်အာဏာရှင်ဘက်ကို တဖန်ပြန်လည် အသာစီးရလာပုံပေါ်နေတယ် လို့ ဆိုပါတယ်။
တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုဟာ စီးပွားရေးကဏ္ဍမှာလည်း ဆက်လက်ရှိနေပြီး ဒါဟာ မြန်မာနိုင်ငံအပေါ်ထားတဲ့ တခုတည်းသော တကယ့်အကျိုးစီးပွားလည်း ဖြစ်တယ် လို့ ဆိုပါတယ်။
Source: ACLED











