
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ ဩဂုတ် ၁၂ ရက် ညနေပိုင်းက နှစ်ဖက်ထိုးစစ်တွေနဲ့အတူ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“သူထိုးကိုယ်ထိုး ထိုးစစ်ဆင်နေတာ။ စစ်ကောင်စီဘက်ကလည်း ထိုးစစ်ဆင် တိုက်သလို AA ဘက်ကလည်း ထိုးစစ်ဆင်လို့ မနေ့ညကတည်းက ပြင်းနေတာ။”
မင်းပြင်၊ သိုင်းချောင်း၊ ဒိုးတန်းတောင်၊ အဝတောင် စတဲ့နေရာတွေမှာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်ဖြူမှာ ဇူလိုင်လ နောက်ဆုံးအပတ်ကစပြီး ၁၀ ရက်ကျော်လောက် ရပ်တန့်နေရာက မနေ့ ဩဂုတ် ၁၂ ရက်မှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“၁၁ ရက်နေ့ကနေ လက်နက်ပစ်ခတ်သံတွေ စကြားရတာ။ မနေ့က ၁၂ ရက်ဆို ညပိုင်းမှာ လက်နက် ပစ်ခတ်သံ ဆူညံနေတယ်။ မနေ့က တိုက်ပွဲတော်တော်ပြင်းတယ်ထင်တယ်။”
အရင်ရက်တွေက ကျောက်ဖြူမှာ မင်းပြင်၊ သိုင်းချောင်းနဲ့ အဝတောင် စတဲ့ စစ်တပ် တပ်စွဲ အထိုင်ချထားတဲ့ နေရာတွေကနေ AA ထိန်းချုပ်တဲ့ နေရာတွေကို ထိုးစစ်မဆင်ဘဲ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူလေဆိပ်မှာလည်း တရုတ်က ဒရုန်းနည်းပညာအကူအဖွဲ့တွေ ရောက်ရှိပြီး စခန်းချ နေထိုင်နေကာ လေတပ်စခန်းပုံစံ ပြုလုပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျောက်ဖြူက စစ်အာဏာရှင် တပ်ရင်းတွေဖြစ်တဲ့ ခမရ-၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း အပါအဝင် စစ်တပ် တပ်စခန်းတွေကို ဩဂုတ် ၂ ရက်က စစ်သင်္ဘောတွေကနေ အင်အားဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။











