
ရုရှားစစ်ခုံရုံးဟာ ဒုတိယကာကွယ်ရေးဝန်ကြီးဟောင်း ပါဗဲလ်ပိုပေါ့ဗ်ကို အဂတိလိုက်စားမှုနဲ့ ဧပြီ ၁၀ ရက်မှာ ထောင်ဒဏ် ၁၉ နှစ် ချမှတ်လိုက်တယ်လို့ RIA နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။
ဒါဟာ ရုရှားစစ်ဘက် ထိပ်တန်းအသိုက်အဝန်းတွေကို လှုပ်ခတ်စေခဲ့တဲ့ အလားတူ အဂတိလိုက်စားမှုတွေထဲမှာ အပြင်းထန်ဆုံး ပြစ်ဒဏ်စီရင်ချက်လည်း ဖြစ်ပါတယ်။
အသက် ၆၉ နှစ်ဖြစ်တဲ့ ပိုပေါ့ဗ်ဟာ မော်စကိုအနီးရှိ ပက်ထရီယော့ထ်ပါ့ခ် အမည်ရ ရုရှားနဲ့ ဆိုဗီယက်ခေတ် စစ်လက်နက်တွေ ပြသထားတဲ့ စစ်ဘက်ဆိုင်ရာ အပန်းဖြေစခန်း တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး လိမ်လည်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ၂၀၂၄ ခုနှစ် နွေရာသီမှာ အဖမ်းခံခဲ့ရတာပါ။
စုံစမ်းစစ်ဆေးသူတွေကတော့ ပိုပေါ့ဗ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက အဲဒီပန်းခြံဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို သူ့ရဲ့ ကိုယ်ပိုင်နေအိမ် ဆောက်လုပ်ရာမှာ ခိုးယူသုံးစွဲခဲ့တယ်လို့ ပြောပါတယ်။
ပိုပေါ့ဗ်ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပြီး အယူခံဝင်မှာလားဆိုတာကတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
နှစ်ရှည်လများ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ရိုက်ခတ်သွားတဲ့ အကြီးမားဆုံး အကျင့်ပျက်ခြစားမှုလှိုင်း အရှုပ်တော်ပုံအတွင်း ပါဝင်ပတ်သက်နေတာကြောင့် မကြာသေးခင်က အဖမ်းခံလိုက်ရတဲ့ အရာရှိ ၁၂ ယောက်ထက် မနည်းထဲမှာ ပိုပေါ့ဗ်လည်း ပါဝင်နေပါတယ်။
ဒီပန်းခြံနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှုမှာပဲ ဗိုလ်ချုပ်ကြီး ဗလာဒီမာရှက်စ်တရော့ဗ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရသလို၊ ပန်းခြံရဲ့ ဒါရိုက်တာလည်း တရားစွဲခံထားရပါတယ်။
၂၀၂၅ ဇူလိုင်လတုန်းကလည်း ဒုတိယ ကာကွယ်ရေးဝန်ကြီးဟောင်း တီမူ အိုင်ဗန်နော့ဗ်ဟာ လာဘ်စားမှုနဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသလို၊ နောက်ထပ် ဒုတိယဝန်ကြီးဟောင်း ရုစလန် ဆာလီကော့ဗ်လည်း ပြီးခဲ့တဲ့လကပဲ တရားစွဲခံထားရပါတယ်။
အခု ဖမ်းဆီးခံရသူတွေအားလုံးဟာ ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂျီ ရွှိုင်ဂူနဲ့ နီးစပ်သူတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်လောက်က သမ္မတပူတင်ဟာ ဝန်ကြီး ရွှိုင်ဂူကို ရာထူးကနေ ရုတ်တရက် ဖယ်ရှားလိုက်ပြီး စီးပွားရေးပညာရှင် အန်ဒရေ ဘယ်လိုဆော့ဗ်နဲ့ အစားထိုးခဲ့ပါတယ်။
ဒါဟာ ကာကွယ်ရေးအသုံးစရိတ်တွေကို ပိုပြီးကြပ်ကြပ်မတ်မတ် စီမံခန့်ခွဲဖို့နဲ့ အဂတိလိုက်စားမှုတွေကို နှိမ်နင်းဖို့ လုပ်ဆောင်ခဲ့တာလို့ လူအများက ယူဆနေကြပါတယ်။
Source: Reuters











