
မြန်မာပြည်တွင်းက အမျိုးသမီးပရိသတ်တွေအကြား ရေပန်းစားနေတဲ့ ဇာတ်မင်းသား အောင်ဇဗ္ဗူနဲ့ စမ်းရေမိုးတို့အပါအဝင် လူငယ်အနုပညာရှင်တွေကို စစ်အာဏာရှင်တပ်အတွက် စစ်မှုထမ်း ဆင့်ခေါ်ဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တိုက်တွန်းလိုက်ပါတယ်။
ဇူလိုင် ၂၄ ရက်မှာ ထွက်ပေါ်လာတဲ့ ပေါက်ကိုယ်တော်ရဲ့ ရုပ်သံထုတ်လွှင့်ချက်မှာ အဲဒီဇာတ်မင်းသား ၂ ယောက်နဲ့ အနုပညာရှင်တွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ သက်ဆိုင်ရာကို တိုက်တွန်းခဲ့တာပါ။
ပေါက်ကိုယ်တော်က "စမ်းရေမိုးကတော့ စစ်မှုထမ်းလိုက်ရတယ်။ အောင်ဇမ္ဗူတော့ စစ်မှုထမ်း လိုက်ရတယ်။ သူရဝင်းထွဋ်ကတော့ စစ်မှုထမ်းလိုက်ရတယ်။ ခင်လှိုင် သားနေရဲတောင်မှ စစ်မှုထမ်း လိုက်ရတယ်။ ငါတို့လည်း ဘာကောင်မို့လို့လဲ။ ထမ်းရမှာပေါ့။ အဲဒီပုံစံဖြစ်သွားမယ်"လို့ သူ့ရဲ့ ရုပ်သံ ထုတ်လွှင့်ချက်မှာ ပြောပါတယ်။
ဒါ့အပြင် အနုပညာလောကက တက်သစ်သစ်လူငယ်သရုပ်ဆောင်တွေကိုပါ စစ်မှုထမ်းခိုင်းဖို့ စာနဲ့ တကွက ဆင့်ခေါ်ဖို့လည်း ပေါက်ကိုယ်တော်က ထည့်ပြောသွားပါတယ်။
"ခင်လှိုင့်သားနေရဲတို့၊ သား ၂ ယောက်ရှိတယ်ဗျာ။ ခေါ်စမ်း။ ကိုကိုဦးသားတွေ ခေါ်စမ်း။ ရုပ်ရှင်မှာ အားကောင်းမောင်းသန်တွေ အများကြီးပါ။ ဘယ်လူကြီးဆင့်ခေါ်ရဲလဲ။ ခေါ်ရဲတဲ့လူကြီး ကျုပ်ကို ပြောစမ်းပါဗျာ။ ချီးကျူးမယ်ဗျာ" လို့ ပေါက်ကိုယ်တော်က ဆိုပါတယ်။
ဒါပေမဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ ဆင့်ခေါ်ရဲမှာ မဟုတ်တဲ့အကြောင်းနဲ့ ဆင့်ခေါ်တဲ့ အုပ်ချုပ်ရေးမှူးလည်း ပြုတ်မှာပဲလို့လည်း ထည့်သွင်း ပြောကြားသွားပါတယ်။
ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ကတော့ သူ့ရဲ့ ရုပ်သံထုတ်လွှင့်ချက်မှာ အနုပညာရှင်တွေ ဟာ "သာပေါင်း ညာစားတွေနဲ့ သာကူး" တွေဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားသွားတာကို တွေ့ရပါတယ်။










