DVB Logo
Home
မြန်မာသတင်း
ပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်း ကြားနာရန် အမျိုးသားလွှတ်တော် ဖိတ်ခေါ်
DVB
·
February 25, 2015
ပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်း ကြားနာရန် အမျိုးသားလွှတ်တော် ဖိတ်ခေါ်
Donate to DVB

လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်အရ ပေးပို့လာတဲ့ အမျိုးသားပညာရေးဥပဒေ  ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေး မတ်လ ၅ ရက်နေ့ စတင်ကြားနာဖို့ သပိတ်မှောက်ကျောင်းသားတွေအပါအ၀င် အဖွဲ့အစည်းတွေကို အမျိုးသားလွှတ်တော်က ဖိတ်ခေါ်လိုက်ပါတယ်။

ကြားနာမယ့် အစီအစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့စွဲနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထုတ်ပြန်လိုက်တာ ဖြစ်ပြီး မတ် ၅ ရက်နေ့မှ ၁၅ ရက်အထိ တဖွဲ့စီ သီးခြား ကြားနာကြဖို့  အယောက် ၂၀ စီ ပါဝင်တဲ့ အစုအဖွဲ့ ၆ ဖွဲ့ကို ဖိတ်ခေါ်ထားတာပါ။

ဖိတ်ကြားခံထားရတဲ့အဖွဲ့တွေထဲမှာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ အမျိုးသားပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံသည့် ပြည်သူ့ကိုယ်စားလှယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဥပဒေမူကြမ်းအပေါ် အကြံပြုစာပေးပို့ထားသူတွေ၊ အစုအဖွဲ့တွေ ပါဝင်ပါတယ်။

အစီအစဉ်အရ သပိတ်မှောက်ကျောင်းသားတွေက မတ် ၅ ရက်နေ့မှာ ပထမဆုံးကြားနာရမှာ ဖြစ်ပြီး၊ ပညာရေးကွန်ရက် (အန်အန်အီးအာ) ကတာ့ မတ် ၇ ရက်နေ့မှာ ကြားနာရမှာပါ။ နိုင်ငံရေးပါတီ ၂၀ မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် မူဝါဒဆွေးနွေးနိုင်သည့် ကိုယ်စားလှယ်တွေကိုတော့  မတ် ၆ ရက်၊  ၈ ရက် နဲ့ ၁၃ ရက်တွေမှာ ကြားနာဖို့  ၃ ရက်အချိန် ပေးထားပါတယ်။

ဒီကြားနာပွဲဖိတ်ကြားချက်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက မဖြိုးဖြိုးအောင်ကတော့“အကြမ်းဖျင်းသိထားတာကတော့ ဒီဥပဒေကြမ်းကို ဒီ ပထမဥပဒေကို ပြင်ဆင်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလက်ရှိ ဥပဒေကြမ်းထွက်ပေါ်လာတာကိုး။ ဒါကြောင့် ဥပဒေကြမ်းမှာ ကျမတို့ အသစ်ထပ်ထည့်ထားတာတွေ၊ ပြင်ဆင်ထားတာတွေရှိတယ်ဆိုတော့ အဲဒီဟာတွေကို ကျမတို့က ထပ်ပြီးရှင်းပြတာမျိုး၊ ဘာကြောင့် ဒီဟာတွေကို ပြင်ဆင်ရတာလဲဆိုတာမျိုး၊ ဆွေးနွေးတာမျိုးလုပ်မှာပါ”လို့ပြောပါတယ်။

အမျိုးသား ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ) က ဒေါ်သူသူအောင်က လည်း လက်ရှိ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အငြင်းပွားစာရာကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

“လတ်တလောတော့ facebook စာမျက်နာတွေနဲ့ တခြားအစိုးရပိုင်သတင်းစာတွေ၊ အစိုးရပိုင် မီဒီယာတွေကနေတဆင့် ကျမတို့ ဒီပြင်ဆင်လိုက်တဲ့ ဥပဒေမူကြမ်းပေါ်မှာ တချို့အချက်တွေက လက်ခံလို့ မရဘူးတို့၊ ဘာတို့ ပြောဆိုတုံ့ပြန်သံတွေ ရှိတယ်လေ။ အဲဒါတွေအပေါ်မှာလည်း ကျမတို့ လွှတ်တော်မှာဆွေးနွေးဖို့ ပြင်ဆင်သွားမှာပါ။”

ပြည်ထောင်စုလွှတ်တော်က ပေးပို့တဲ့ အဆိုပါဥပဒေမူကြမ်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အမျိုးသားလွှတ်တော်က လက်ခံရရှိတဲ့အကြောင်းနဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ သဘော တူညီချက်အရ အစိုးရက ပေးပို့လာတဲ့ ဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေး၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာဖော်ပြ ပါတယ်။

လတ်တလော လက်ပံတန်းမြို့မှာ ခေတ္တရပ်နားနေတဲ့ ဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်းကတော့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပေးဖို့နဲ့ မပြဋ္ဌာန်းပေးပါက ရန်ကုန်ကို ဆက်လက်ချီတက်မယ်လို့ ကြေညာထားပါတယ်။

လွှတ်တော်မှာ ဆွေးနွေးမှုတွေရှိနေပေမယ့် ရပ်နားထားတဲ့ သပိတ်ကို မတ် ၁ ရက်နေ့ ကြေညာထားတဲ့အတိုင်း ဆက်လက်ချီတက်ဖို့ရှိနေတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013