
တိုင်ဖွန်းမုန်တိုင်း နူးလ်ဟာ တနင်္ဂနွေနေ့ အစောပိုင်းမှာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၊ ဟွေကျိုးမြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဒေသတွင်းနဲ့ အိမ်နီးချင်း ဖူကျန်းပြည်နယ်တို့မှာ မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။
အခုနှစ်ရဲ့ ၁၂ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဟာ ဟွေတုန်းမြို့နယ်ကို တည့်တည့်တိုက်ခတ်ခဲ့ပြီး မုန်တိုင်း ဗဟိုချက်မှာ လေတိုက်နှုန်းအများဆုံးနဲ့ ကုန်းတွင်းဝင်ရောက်ချိန်မှာ Beaufort စကေးနဲ့ Force 14 အထိ တနာရီ လေတိုက်နှန်း မိုင် ၁၀၀ ဝန်းကျင်ထိ ရောက်ခဲ့တယ်လို့ တရုတ်အမျိုးသားမိုးလေဝသဌာန NMC က ပြောပါတယ်။
မုန်တိုင်းဒဏ်ခံရပြီးတဲ့နောက် ဟွေတုန်းက ဆိပ်ကမ်းအပန်းဖြေစခန်းတခုမှာ သစ်ပင်တချို့၊ မီးတိုင်တွေ၊ ကြော်ငြာဘုတ်တွေ မြေပြင်ပေါ်မှာ ပြန့်ကျဲနေပါတယ်။
မုန်တိုင်းကြောင့် ကျောင်းတွေ၊ အလုပ်တွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပြီး လူပေါင်း ၇၀,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကာ အရေးပေါ်ခိုလှုံရာနေရာ ၃၀၀ ကျော်ကို တည်ဆောက်ပေးခဲ့ပါတယ်။
လူတွေ ကြိုတင်ကာကွယ်ကြဖို့၊ ကမ်းရိုးတန်းကနေ ဝေးဝေးနေဖို့၊ ရေနဲ့ပတ်သက်တဲ့ အားကစားတွေကို ရှောင်ကြဉ်ဖို့ မိုးလေဝသ စောင့်ကြည့်ရေးဌာနက တိုက်တွန်းထားပါတယ်။
တချိန်တည်းမှာ မကာအို အပြည်ပြည်ဆိုင်ရာလေဆိပ်က စနေနဲ့ တနင်္ဂနွေအတွက် စီစဉ်ထားတဲ့ လေယာဉ်ခရီးစဉ် ၄၉ ခုကို ဖျက်သိမ်းခဲ့ပြီး တခြားလေယာဉ်ခရီးစဉ် အများအပြားလည်း ခရီးစဉ် နှောင့်နှေးခဲ့တယ်လို့ ပြောပါတယ်။
Source: Reuters










