
စစ်တပ် နိုင်ငံတဝန်းက ရှေ့တန်းစစ်မျက်နှာပြင်တွေကို လူသားဒိုင်းအနေနဲ့ ပို့ဖို့ လူငယ်တွေကို အဓမ္မ ဖမ်းဆီးပေါ်တာဆွဲတာတွေ၊ တရားမဝင်နည်းလမ်းတွေနဲ့ အဓမ္မ စစ်မှုထမ်းခိုင်းတာတွေ လုပ်ဆောင်နေချိန်မှာ စစ်မှုထမ်းရတာ ကြောက်စရာမကောင်းဘဲ ဂုဏ်ယူစရာဖြစ်တယ်လို့ ရုပ်ရှင်ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောလာပါတယ်။
စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၊ မြဝတီစင်တာမှာ လုပ်တဲ့ စစ်မှုထမ်း ဝါဒဖြန့်ချိရေး ဇာတ်ကား ပရက်ရှိုးပွဲမှာ ဒါရို က်တာ ပန်းချီစိုးမိုးက ပြောကြားခဲ့တာပါ။
“စစ်မှုထမ်းရမှာကို ကြောက်တာမဟုတ်ဘူး၊ စစ်မှုထမ်း တာဝန်ကို ကြောက်အောင် လှုံ့ဆော်ကြလို့ ကြောက်တာ။ နားလည်မှု ပေးရမှာပေါ့။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံအတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြသေးဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုတာ။”
မြန်မာနိုင်ငံမှာ အဓမ္မစစ်မှုထမ်း ဥပဒေကို စတင်အကောင်အထည်ဖော်ကတည်းက ဒီနေ့အချိန်ထိ လူငယ်အမြောက်အမြား ပေါ်တာဆွဲ ဖမ်းဆီးခံရတာ၊ စစ်မှုထမ်းဖို့ ငွေပေး ရောင်းစားခံရတာတွေကြောင့် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေရချိန်မှာ စစ်တပ်ဝါဒဖြန့်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ ဝါရင့် ရုပ်ရှင်ဒါရိုက်တာဖြစ်သူ ပန်းချီစိုးမိုးရဲ့ အခုပြောကြားချက်အပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိပါတယ်။
ဒါ့အပြင် စစ်မှုထမ်းသက်တမ်းထဲ အကျုံးဝင်နေတဲ့ မြေးဖြစ်သူ ဟိန်းကျော်စိုးမိုးကို စစ်မှုမထမ်းခိုင်းဘဲ ပြည်ပပို့ထားတဲ့အပေါ်လည်း မေးခွန်းထုတ်နေကြပါတယ်။
အခြားသော ဒီမိုကရေစီနိုင်ငံများရဲ့ စစ်မှုထမ်းဥပဒေအရ ပြည်ပနိုင်ငံတွေမှာ နိုင်ငံသားတွေ ဆန္ဒအလျောက် စစ်မှုထမ်းကြတာနဲ့ စစ်အုပ်စုက အတင်းအဓမ္မ အာဏာသိမ်းပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေချိန်မှာ လူငယ်တွေ စစ်မှုမထမ်းလိုကြခြင်းအပေါ် ပြစ်တင်ဝေဖန်လိုတဲ့သဘောနဲ့ သူ့ရဲ့ ပြောဆိုမှုအပေါ် ပြည်သူတွေက မေးခွန်းထုတ်နေကြတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့နေ ပြည်သူတယောက်က “သူ့မှာ ဦးနှောက်ရှိရင် ဒီစကားမျိုးပြောမှာ မဟုတ်ဘူး။ နိုင်ငံတကာမှာ ဘယ်လို၊ ကိုရီးယားမှာ ဘယ်လိုတွေ ပြောနေရအောင် အခြေအနေချင်းတူလို့လား။ နိုင်ငံတကာက စစ်တပ်နဲ့ သူ့ပထွေးတွေ အုပ်ချုပ်တဲ့ စစ်တပ်က တူလို့လား။ ဒီက စစ်မိစ္ဆာတွေ စစ်ရာဇဝတ်မှုတွေ နေ့စဉ် ကျူးလွန်းနေတာ သူ မမြင်လို့လား၊ မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်တာလား” လို့ မေးခွန်းထုတ်ပါတယ်။
ဒါရိုက်တာပန်းချီစိုးမိုးဟာ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိ ယ၊ ကိုရီးယား စတဲ့ နိုင်ငံတွေမှာ ပြည်သူတွေ စစ်မှုထမ်းကြရတာနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုနေပေမဲ့ စစ်မှုထမ်းအကျုံးဝင်နေသူ မြေးဖြစ်သူအား စစ်မှုထမ်းခိုင်းတာမျိုး မလုပ်ဘဲ ဩစတြေးလျနိုင်ငံရှိ University of Western Australia (အနောက်ဩစတြေးလျတက္ကသိုလ်) ကို ပို့ဆောင်ပြီး စီးပွားရေးခန့်ခွဲမှုဘာသာရပ်ကို သင်ကြားခိုင်းထားတယ်လို့ သိရပါတယ်။











