
မြန်မာပြည်အနှံ့ အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းအများစုဟာ ထောင်တွင်းမှာ နည်းလမ်းပေါင်းမျိုးစုံနဲ့ တနည်းမဟုတ်တနည်း နှိပ်စက်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ လူမှုစီးပွားဘ၀တွေကို သုတေသန စစ်တမ်းကောက်ထားတဲ့ ကြားဖြတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေအသင်း (မြန်မာနိုင်ငံ)နဲ့ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ကမကထလုပ်ပြီး ၂၀၁၄ မတ်လကတည်းက စစ်တမ်း စကောက်ယူ ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
စစ်တမ်းအရ နိုင်ရေးအကျဉ်းသားဟောင်း ၇၄ ရာခိုင်နှုန်းဟာ ကိုယ်ထိလက်လက်ရောက် နှိပ်စက်ညှဉ်းပမ်းခံခဲ့ရပြီး ၇၆ ရာခိုင်နှုန်းကတော့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ ကြားဖြတ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က တွဲဖက် အတွင်းရေးမှူး ဦးတိတ်နိုင်က “ဒီညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို လူတော်တော်များများက ခံစားခဲ့ရတယ်။ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အစပိုင်းတွေမှာဆိုရင် အကျဉ်းထောင်ထဲကို ရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေက နှိပ်စက်ညှဉ်းပန်းမှုမခံရတဲ့လူ မရှိပါဘူး။ ဒါကြောင့် သူတို့က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာတာရှည်ရောဂါတွေ သူတို့ ခံစားနေရတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
နှိပ်စက်ညှဉ်းပန်းခံရမှုပုံစံတွေထဲမှာ ထောင်တွင်းနဲ့ စစ်ကြောရေးကာလ အစာနဲ့ရေ၀လင်စွာ မစားသောက်ရတာ၊ မအိပ်ရတာ၊ ရိုင်းစိုင်းကြမ်းတမ်းစွာပြောဆိုဆက်ဆံခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ ကျန်းမာရေး စောင့်ရှောက်မှု မရတာတွေပါဝင်ပြီး လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာချိုးဖောက်ခံရပြီး တိရစ္ဆာန်ကဲ့သို့ ဆက်ဆံခံရတာ၊ သောက်ရေတောင်းတာ မရလို့ အိမ်သာသုံးရေ သောက်ခဲ့ရတဲ့ အတွေ့အကြုံတွကို နိုင်ငံ ရေးအကျဉ်းသားဟောင်း တွေက ဖွင့်ဟထားကြပါတယ်။
ထောင်ကနေ ပြန်လွတ်လာချိန်မှာလည်း နိုင်ငံရေးအကျဉ်းသားအများစုဟာ ရောဂါပေါင်းစုံစွဲကပ်နေပြီး ပညာရေး အဆက်ပြတ်ခဲ့တဲ့အတွက် စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေနည်းပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွင်း အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ဆန့်နိုင်ရေးအတွက် အစိုးရက ကူညီဆောင်ရွက်ပေးမှု မရှိတဲ့အကြောင်း၊ ဒီပျက်ကွက်မှုကြောင့် နိုင်ငံရေးအကျဥိးသားဟောင်းတွေရဲ့ မိသားစုဘ၀တွေကို သာမက မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအတွက် အားထုတ်မှုကိုပါ ထိခိုက်စေတယ်လို့ ကြားဖြတ်အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံ တ၀န်းမှာ စစ်အစိုးရ အဆက်ဆက် ထောင်သွင်းအကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားအရေအတွက် ၇၀၀၀ မှ ၁၀၀၀၀ လောက်အထိရှိမယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ခန့်မှန်းပါတယ်။ စိစစ်ပြီး အချက်အလက် မှတ်တမ်းပေါင်း ၄၃၀ ကို သုံးသပ်တွေ့ရှိချက်အရ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားပေါင်းကတော့ ၄၆ ဦးရှိပြီး အကျဉ်းထောင်တွင်း ဒါမှမဟုတ် စစ်ကြောရေးမှာ ကွယ်လွန်ခဲ့ကြ သူကတော့ ၈ ဦးရှိတယ်လို့ ဆိုပါတယ်။
အပြီးသတ် စစ်တမ်းကောက်ယူမှု လုပ်ငန်းတွေကတော့ ၂၀၁၅ နှစ်လည်လောက်မှာပြီးဆုံးမယ်လို့ ခန့်မှန်းထားပြီး စစ်တမ်းကောက်ယူပြီးစီးပါက ရရှိတဲ့ အချက်အလက်တွေကို အခြေခံကာ နိုင်ငံရေးအကျဉ်းသားများအား တရားလက်လွတ် ညှဉ်းပန်းနှိပ်စက်မှုအစီရင်ခံစာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အစီရင်ခံစာ ၂ စောင်ကိုထုတ်ပြန်သွားဖို့ ရှိနေပါတယ်။











