
Meta Platforms ဟာ ပြိုင်ဘက်ကုမ္ပဏီတွေကို အမီလိုက်နိုင်ဖို့အတွက် AI မော်ဒယ်အသစ်တခုဖြစ်တဲ့ Muse Spark ကို ဧပြီ ၈ ရက်က မိတ်ဆက်သွားပါတယ်။
ဒါဟာ မနှစ်တုန်းက အသစ်ဖွဲ့စည်းလိုက်တဲ့ Superintelligence အဖွဲ့ရဲ့ ပထမဆုံး AI မော်ဒယ် ဖြစ်သလို Meta ရှယ်ယာဈေးတွေလည်း ၇ ရာခိုင်နှုန်းနီးပါး ဆက်တက်လာတာကို တွေ့ရပါတယ်။
၂၀၂၅ ခုနှစ် အစောပိုင်းမှာ Llama 4 မော်ဒယ်တွေဟာ မျှော်လင့်ထားသလောက် မဖြစ်ထွန်းခဲ့တဲ့ အလျောက် AI နည်းပညာကဏ္ဍရဲ့ ထိပ်တန်းနေရာကို ပြန်ရောက်ဖို့အတွက် Meta ကုမ္ပဏီဘက်က ကြိုးပမ်းနေခဲ့တာပါ။
ဒါကြောင့်ပဲ Meta ဟာ Scale AI ရဲ့ စီအီးအို အဲလက်စ် ဝမ်ကို ဒေါ်လာ ၁၄ ဒသမ ၃ ဘီလီယံတန် သဘောတူညီချက်နဲ့ ပြီးခဲ့တဲ့နှစ်က ခေါ်ယူခဲ့တဲ့အပြင် အင်ဂျင်နီယာတချို့အတွက် ဒေါ်လာသန်းပေါင်းရာနဲ့ချီတဲ့ လစာခံစားခွင့်တွေနဲ့ပါ စည်းရုံးနိုင်ခဲ့ပါတယ်။
တချိန်တည်းမှာ အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေဟာ AI အပေါ် ရင်းနှီးမြှုပ်နှံနေတာတွေက တကယ်အကျိုးရှိတယ် ဆိုတာကို သက်သေပြနိုင်ဖို့အတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အထူးသဖြင့် Superintelligence အဖွဲ့အတွက် ဒေါ်လာဘီလီယံနဲ့ချီအောင် အသုံးပြုခဲ့တဲ့ Meta ဟာ စိန်ခေါ်မှုတွေရော၊ စောင့်ကြည့်မှုတွေနဲ့ပါ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
Muse Spark ဟာ Avocado လို့ အတွင်းစည်းမှာ သိထားကြတဲ့ AI မော်ဒယ်စီးရီး အသစ်ထဲက တခုဖြစ်ပြီး Superintelligence ကိုတော့ လူတွေထက်သာလွန်အောင် တွေးခေါ်နိုင်စွမ်းရှိတဲ့ AI ယန္တရားအဖြစ် ဖော်ပြထားပါတယ်။
အဲဒီနောက် သီးခြားလွတ်လပ်တဲ့ အကဲဖြတ်စစ်ဆေးချက်အရ Google၊ OpenAI နဲ့ Anthropic တို့ရဲ့ ထိပ်တန်း AI မော်ဒယ်တွေကို Muse Spark က အမီလိုက်နိုင်ပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
Meta ကုမ္ပဏီပိုင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ အသုံးပြုသူဦးရေ ၃ ဒသမ ၅ ဘီလီယံကျော် ပိုင်ဆိုင်ထားတဲ့အလျောက် AI ကသာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကူအညီပေးနိုင်မယ် ဆိုရင် ပြိုင်ဘက်တွေထက် အသာစီးရနိုင်တယ်လို့လည်း ဆိုပါတယ်။
အသက် ၂၈ နှစ်သာ ရှိသေးတဲ့ Super intelligence အဖွဲ့ဦးဆောင်သူ ဝမ် ကတော့ “မော်ဒယ်ရဲ့ လုပ်ဆောင်ချက်မှာ အပြစ်အနာအဆာတွေ ရှိနေသေးပေမဲ့လည်း အချိန်နဲ့အမျှ ချောမွေ့လာအောင် ပြုပြင်မွမ်းမံသွားမယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။










