
ဉာဏ်ရည်တု AI နည်းပညာ တခေတ်ဆန်းလာချိန်မှာ Memory Chip ပြား ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် သူတို့ရဲ့ ထုတ်ကုန်တွေကို ဈေးတင်ဖို့ စီစဉ်နေပါတယ်။
ချစ်ပ်ပြားဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေတဲ့ အခြေအနေမှာ ဈေးနှုန်းမတက်ဘဲ နေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ရာထူးကနေ ထွက်ခွာတော့မဲ့ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်က The Wall Street Journal ကို ပြောပါတယ်။
ဘယ်အချိန်မှာ ဘယ်ထုတ်ကုန်တွေ ဈေးတက်မယ် ဆိုတာကိုတော့ ကွတ်ခ်က အတိအကျ မပြောပါဘူး။
ဒါပေမဲ့ လာမဲ့ စက်တင်ဘာလမှာ ထွက်ရှိမဲ့ iPhone 18 ဈေးတက်မလား ဆိုတာကလည်း မသေချာ သေးပါဘူး။
ဒီလို ဈေးတက်ရတာဟာ ဉာဏ်ရည်တု (AI) နည်းပညာ ခေတ်စားလာတာရယ်၊ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရာမှာ အရေးပါတဲ့ ဟီလီယမ်ဓာတ်ငွေ့ကို အီရန်စစ်ပွဲကြောင့် အလုံအလောက် မရတော့ တာရယ်ကြောင့် ဖြစ်ပါတယ်။
ကုန်ကျစရိတ် မြင့်တက်လာတာကို ဝယ်ယူသူတွေဆီ မသက်ရောက်အောင် အကောင်းဆုံး ကာကွယ် ပေးထားပေမဲ့ အခုအခြေအနေကတော့ ဆက်ထိန်းထားလို့ မရတော့ဘူးလို့ သူက ဆိုပါတယ်။
Apple အပြင် တခြား နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ TSMC နဲ့ ဆမ်ဆောင်းတို့ကလည်း ငွေကြေးဖောင်းပွမှုနဲ့ ချစ်ပ်ပြားပြတ်လပ်မှုတွေကြောင့် အီလက်ထရောနစ်ပစ္စည်းတွေ ဈေးတက်နိုင် တယ်လို့ သတိပေးထားပါတယ်။
ကွန်ပျူတာ အပိုပစ္စည်းတွေထဲမှာ ဈေးအပေါဆုံးဖြစ်တဲ့ RAM ဈေးနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကစလို့ နှစ်ဆကျော် မြင့်တက်လာခဲ့ပါတယ်။
Apple ကုမ္ပဏီဟာ ဒီနှစ်အစောပိုင်းကလည်း Mac Mini ကွန်ပျူတာတွေကို အမေရိကန်ဒေါ်လာ ၂၀၀ လောက် ဈေးတင်ခဲ့ပါသေးတယ်။
Source: Reuters










