DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်တောင်ပိုင်း နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ထပ်မံ လက်မှတ်ရေးထိုးမည် မဟုတ်
DVB
·
February 24, 2015
ရှမ်းပြည်တပ်မတော်တောင်ပိုင်း  နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ထပ်မံ လက်မှတ်ရေးထိုးမည် မဟုတ်
1 / 6
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိက၀တ် ပြုထားခဲ့ပြီးဖြစ်တဲ့အတွက်  တပြည်လုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက် (NCA)မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA)အဖွဲ့ လက်မှတ်ရေးထိုးတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့  မီဒီယာများနဲ့  ထိုင်းနယ်စပ်တနေရာမှာ တွေ့ဆုံစဉ် RCSS/SSA ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး ယွက်စစ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ RCSS/SSA အနေနဲ့ဆိုရင် NCA လို့ခေါ်တဲ့ တပြည်လုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ရေး ထိုးခြင်းက ပြီးဆုံးသွားပြီ၊ ဖေဖော်ဝါရီလ  ၁၂ ရက်နေ့ က လက်မှတ်ရေးထိုး ခဲ့သလိုမျိုး နောက်တခေါက်ထပ်ပြီး ထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်တယ်။ သမ္မတအနေနဲ့လည်း ၂ ခေါက်ပြန်ပြီး လက်မှတ်ထိုးမှာ မဟုတ်ဘူး။  ကျနော်တို့အဖွဲ့အစည်းက တခြား ဘယ်အဖွဲ့အစည်းတွေ ထဲမှာမှ ၀င်ထားတာမရှိဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့ရဲ့ ရည်မှန်းချက်အတိုင်း ကျနော်တို့ လွတ်လွတ်လပ်လပ်လုပ်ဆောင်တာ ဖြစ်တယ်။ အခုဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ သွားပြီးတော့ နိုင်ငံရေးကို ဖြေရှင်းမယ်။”လို့ ပြောပါတယ်။

ပြည်ထောင်စုနေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိက၀တ်မှာ အချက် ၅ ချက် ပါဝင်ပါတယ်။

ပါဝင်တဲ့အချက်တွေကတော့  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ဦးစွာဆောင်ရွက်ဖို့နဲ့ သမိုင်းရှည်ကြာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အတွက် စစ်ရေးနည်း လမ်းဖြင့် ဖြေရှင်းခြင်း မပြုဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ့် နိုင်ငံရေး ယဉ်ကျေးမှုတရပ် ထူထောင်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေ အားလုံးပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အလျင်အမြန် ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလကစပြီး အစိုးရနဲ့ RCSS/SSAတို့ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်မှာပါ အပစ်ခတ်ရပ်သဘောတူလက်မှတ်ရေးထိုးထားပြီးလည်း ဖြစ်ပါတယ်။

သဘောတူချက် စုစုပေါင်း ၃၁ ချက်ထဲမှာ ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်း၊ ပြည်သူများနဲ့ လွတ်လွတ် လပ်လပ် တွေ့ဆုံနိုင်ခြင်း၊ တခြားသောအဖွဲအစည်းများနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း စတဲ့  အချက် ၃ ချက်သာ လက်တွေ့ အကောင်အထည်ဖော်နိုင်ပြီး ကျန်တဲ့ ၂၉ ချက်ကတော့ ဆက်လက် ယုံကြည်မှု တည်ဆောက်ရင်းနဲ့ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်သွားမယ်လို့  ဦးစီးချုပ်က သတင်းထောက်တွေကို ရှင်းပြပါတယ်။

အပစ်ခတ်ရပ်လက်မှတ် ရေးထိုးပြီးကာမှ ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတဲ့အပေါ် မှာလည်း နိုင်ငံရေး ဆွေးနွေးပွဲပြီး သွားရင် အဲဒီပြဿ     နာတွေဟာ အလိုလိုပြေလည်သွားမယ်လို့ ယုံကြည်ကြောင်း၊ ဒါကြောင့် နိုင်ငံရေး ဆွေးနွေးဖို့ကို ဦးတည်နေပြီး  ပင်လုံစာချုပ်ကို လက်ကိုင်ထား ဆွေးနွေး သွားမယ် လို့ ဆိုပါတယ်။

ကနေ့လက်ရှိ ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင်း ဖြစ်ပွားတဲ့ ပြဿ     နာတွေကတော့ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တဲ့ အတွင်းရေး ပြဿ နာတွေဘဲဖြစ်ကြောင်း၊ ဒါကြောင့် ဘာမှ ဝေဖန်ပြောကြား စရာမရှိကြောင်း၊ တကယ်လို့ အရေးပေါ်အခြေအနေမှာ တဘက်ဘက်က စစ်ရေး အကူအညီ တောင်းလာမယ်ဆိုရင် ဘယ်ဘက်ကိုမှ ပါဝင်မှာမဟုတ်ဘဲ စေ့စပ် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်တယ် ဆိုရင်တော့ ပါဝင်မယ်လို့  ဦးစီးချုပ်ကပြောသွားပါတယ်။

RCSS/SSA အဖွဲဟာ ဖေဖော်ဝါရီ   ၁၁ ရက် ကနေ ၂၀ ရက်အထိ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တခွင် ခရီးထွက်ခဲ့ပြီး ပြည်ထောင်စုနေ့မှာ ကတိက၀တ်လက်မှတ်ထိုးခြင်း၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခြင်း၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ ရှမ်းနိုင်ငံရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် စတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနယ်စပ်တနေရာမှာ သတင်းစာရှင်းလင်းပွဲ ပြန်လုပ်ခဲ့တာ ဖြစ်ပါတယ်။

[gallery ids="82949,82947,82946,82945"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013