DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် ကောလာဟလပျံ့နှံ့၊ ပေါ်တာမဖမ်းဟု တိုင်းအစိုးရ ကတိပြု
DVB
·
February 23, 2015
ပဲခူးတိုင်းတွင် ကောလာဟလပျံ့နှံ့၊ ပေါ်တာမဖမ်းဟု တိုင်းအစိုးရ ကတိပြု
Donate to DVB

ပဲခူးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်က ပေါ်တာအတွက် လိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့ ကောလာဟလဟာ မဟုတ်မှန်ကြောင်း အခြေအမြစ်လုံးဝမရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

မနေ့က ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တပ်က ပေါ်တာဖမ်းဆီးမယ်၊ စစ်တပ်တွင်းကို အတင်းသွတ် သွင်းမယ်ဆိုတဲ့ ကောလာဟာလတွေ ထွက်ပေါ်နေပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေ ကြတဲ့အပေါ် ဒီဗွီဘီက မေးမြန်းချက်ကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်သန်းက “အဲဒါက ကောလာဟလပါ ကွယ်။ ဦးတို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ခရိုင်အုပ်ချုပ်ရေးမှူးမှာပြီးတော့ ပြည်သူလူထုတွေ အထိတ်တလန့် မဖြစ်နဲ့ လုံးဝပေါ်တာမဆွဲဘူး တာဝန်ယူတယ်။ သူတို့ကို ကျယ်ကျယ်ပြန့်ပြန့် လိုက်ပြီးတော့ အမှန်သိရအောင် ပြန်လုပ်ခိုင်းထားတယ်။ ရပ်ကွက်အဆင့်အထိလိုက်ပြီး ကြေညာချက်တွေလည်းထုတ် လုံးဝမဆွဲဘူး (ပေါ်တာ) တာဝန်ယူတယ်ဆိုပြီး လုပ်ထားတယ်။”

“အန်ကယ်တို့ သိသလောက်ကတော့ ကျောက်တံခါးဘက်မှာ လောင်းကြေးလိုက်ပြီး ကြက်တိုက်ကြ တာ၊ အဲဒါကို ဖမ်းတယ်။ အဲဒီမှာ ထွက်ပြေးတယ်။ အဲဒီမှာ ကောလာဟလ ဖြစ်သွားတာ။ အမှန်တော့ ကြက်တိုက်တဲ့အဖွဲ့ကို ဖမ်းတာ” လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ တောင်ငူမြို့နယ်တွေနဲ့ ကရင်ပြည်နယ်သံတောင်မြို့နယ်တွေမှာ စစ်တပ်က လိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့ ကောလာဟလကြောင့် လူတွေအထိတ်တလန့်ဖြစ်ပြီး ရှောင်တိမ်းပုန်းအောင်းနေကြပါတယ်။

တောင်ငူမြို့ ညောင်ပင်သာရွာမှာနေတဲ့ ဒေသခံတဦးက ထွက်ပေါ်နေတဲ့ ကောလာဟလကို ခုလို ပြောပြပါတယ်။

သူက “ ၂၁ ရက်နေ့ညက စစ်တပ်က ကား ၂ စီးနဲ့ လာတယ်။ ပြီးတော့ သတိမထားတဲ့သူတွေက ဖမ်း ခံရတယ်။ အဲဒါ  ဘယ်ကိုပို့လဲတော့ မသိဘူး။ ကျမတို့ ဒီဖက်မှာနေတဲ့သူတွေက ကြောက်လို့ဆိုပြီး ထွက်ပြေးပုန်းနေတယ်ကြတယ်။ ဘာကြောင့် ဖမ်းလဲဆိုတာ ကတော့ ပထမက ပေါ်တာလိုလို့ ဖမ်းတယ် ဒါပေမယ့်နောက်ကျတော့ ပါသွားတဲ့လူတွေက သူ့ကို စစ်တပ်ထဲပို့မှာလို့ ပြောတယ်။ မနေ့ညက သတင်းတောင်ကြားသေးတယ်။ သူတို့ညနေ ၆ နာရီကစပြီး တွေ့တဲ့လူ လမ်းမှာတွေ့ရင် ဖမ်းမှာတဲ့။”

ဒါကြောင့် တောင်ငူမြို့ ရပ်ကွက်တွေက ပြည်သူတွေ အထူးသဖြင့် အမျိုးသားတွေ လယ်တဲတွေ လိုက်ပြီး ပုန်းအောင်းနေကြတယ်လို့လည်း ပြောပါတယ်။

တောင်ငူမြို့နဲ ၁၃ မိုင်လောက်ဝေးတဲ့ သံတောင်မြို့သစ်မှာလည်း ပေါ်တာဖမ်းတယ်ဆိုတဲ့ သတင်း ကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတာ ၂ ရက်လောက်ရှိနေပြီးလို့ သံတောင်မြို့သစ်က ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် နော်ခရစ်ထွန်းက ပြောပါတယ်။

“အခုကတော့ လူတွေက ကျီးလန့်စာစားနဲ့ထွက်ပြေးနေတာပဲရှိတယ်။ လိုက်ဖမ်းတာတော့ သံတောင်မှာမရှိပါဘူး။ ညညဆိုလူတွေက ကြောက်ပြီးတော့ ထွက်ပြေးကုန်တယ်လေ။ ၂ ညရှိပြီး ရှေ့ညက တောင်ငူမှာဖြစ်သွားတယ်ဆိုတာနဲ့ သံတောင်ဘက်က ကူးသွားတာပေါ့။ သတင်းက ကူးသွားတာ။ တကယ်တော့ တရားခံလိုက်ဖမ်းတာလို့ ပြောတာပဲ။ အတိအကျ ပေါ်တာဆွဲတာတော့ မဟုတ်ပါဘူး။ ”

ဒီဖမ်းဆီးမှုရှိတယ်ကိစ္စကိုသိရဖို့ နေ့ညက ရဲစခန်းနဲ့ နယ်မြေခံတပ်ကို လိုက်လံမေးမြန်းရာမှာလည်း စစ်တပ်က တာဝန်ရှိသူတွေက သူတို့အနေနဲ့ ဖမ်းဆီးမှု မရှိဘူးလို့ ပြောပါတယ်။

“ကျမကို အကုန်လုံးက လှမ်းမေးပြီးတော့ အကူအညီတောင်းလို့ ကျမက သတင်းသေချာအောင်လို့ အပြင်ထွက်ပြီး အုပ်ချုပ်ရေးမှူးတွေ၊ စခန်းမှူးတွေနဲ့တွေ့ခဲ့တာ။ သူတို့ဖက်က မဖမ်းပါဘူးတဲ့။ တပ်ကိုလည်း မေးလိုက်တယ်။ နယ်မြေခံတပ်ရင်း ကိုလည်း မေးလိုက်တယ်။ ပေါ်တာဖမ်း ပါသလား လို့မေးတယ်။ သူတို့က မဟုတ်ပါဘူးတဲ့။ မဖမ်းပါဘူးတဲ့ ကောလာဟလ သတင်းကြောင့် ထွက်ပြေး နေကြတာတဲ့” လို့ နော်ခရစ်ထွန်းက ပြောပါတယ်။

ဒီလိုအလားတူ သတင်းကြောင့်လည်း ပဲခူးမြို့ လူထုတွေလည်း ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင် နေကြတယ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးမြို့​ပေါ်ရပ်​ကွက်​​တွေဖြစ်​တဲ့ ​ပေ ၂၀၊ ​ဖောင်​​တော်​ဦးနဲ့ ဘုရားသုံးဆူ၊ ဘန်​ဒါကုန်းစတဲ့ ရွာ​တွေမှာ ​ပေါ်တာဆွဲသွားတယ်​ ဆိုတဲ့ သတင်း​ တွေ ထွက်​​နေတာပါ။

သာယာ​အေးရပ်​ကွက်​​ဒေသခံ တစ်​​ယောက်​က​တော့ "ကားသုံးစီးနဲ့ လူ​တွေ ကို ခေါ်သွားတာ မြင်​တဲ့သူ​တွေက လှမ်း​ပြောတယ်​။ ခု​တော့ ကျနော်​တို့လည်း အိမ်​​နောက်​က ဝါးရုံ​တွေ ​အောက်​မှာ အိပ်​​နေရတယ်​" လို့ ​ပြောပါတယ်​။

လောက်​ကိုင်​မှာ စစ်​ပွဲ​ ဖြစ်​ပြီး​​နောက်​ပိုင်း မန္တ​လေးမြို့မှာ စစ်​တပ်​က ​ပေါ်တာဆွဲတယ်​ ဆိုတဲ့သတင်း ထွက်​​ပေါ်ခဲ့ပါ​သေးတယ်။

ဒီလိုသတင်းတွေကြောင့် ကျေးရွာက လူထုတွေအပါအ၀င်မြို့ပေါ်မှာလည်း ထွက်ပြေးတိမ်းရှောင်နေ ကြပါတယ်။ ဒါပေမယ့် တကယ်ဖမ်းဆီးခံရသူ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တပ်မတော်က လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းက ပြည်တွင်းစစ်အတွင်း ထမ်းပိုးဖို့အတွက် အတင်းအကျပ် ပေါ်တာဖမ်းဖူးတဲ့ အလေ့အထရှိခဲ့ဖူးတာကြောင့် ကောလာဟာလဆိုပေမယ့် ထွက်ပြေးတိမ်းရှောင်နေကြ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013