
အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ပွဲ ၇ လနီးပါး ကြာလာပေမဲ့ အီရန်ဟာ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယန်က ပြောပါတယ်။
အင်အားသုံးခြိမ်းခြောက်မှု မပါဘဲ သံတမန်ရေးနည်းလမ်းနဲ့ ဆွေးနွေးဖို့တော့ အသင့်ရှိတယ်လို့ စက်တင်ဘာ ၂၃ ရက် နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အီရန်သမ္မတက ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သဘောတူညီချက်မရရင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို “ချေမှုန်းပစ်မယ်” လို့ စက်တင်ဘာ ၂၂ ရက်မှာ ခြိမ်းခြောက်ခဲ့ပါတယ်။
“ပိတ်ဆို့မှုတွေ၊ ဖိအားတွေနဲ့ အနိုင်ကျင့်မှုတွေ တိုးလာလေ၊ အီရန်ပြည်သူတွေရဲ့ ခုခံမှု ပိုတိုးလာလေ ဖြစ်မယ်” လို့ ပေဇက်ရှ်ကီယန်က ပြောပါတယ်။
သူ့မိန့်ခွန်းစချိန်မှာတော့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အစည်းအဝေးခန်းမကနေ ထွက်သွားခဲ့ပါတယ်။
သဘောတူညီချက်ရဖို့ အီရန်ဆိပ်ကမ်းတွေနဲ့ သင်္ဘောတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုကို အဆုံးသတ်ပေးရမယ်လို့လည်း အီရန်သမ္မတက တောင်းဆိုပါတယ်။
“ဟော်မုဇ်ရေလက်ကြားကနေ အားလုံး အကျိုးခံစားနေရပြီး ကျနော်တို့ကိုပဲ ဖြတ်သန်းခွင့် ပိတ်ထားတာမျိုး မဖြစ်နိုင်ပါဘူး” လို့ သူက ပြောပါတယ်။
နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မရည်ရွယ်ပေမဲ့ အရပ်ဘက်သုံး နျူကလီးယားနည်းပညာ ရပိုင်ခွင့်ကိုတော့ စွန့်လွှတ်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေကတော့ စက်တင်ဘာ ၂၂ ရက်မှာ ကာတာရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ သွယ်ဝိုက်ဆွေးနွေးခဲ့ကြပါတယ်။
ဇွန်လနောက်ပိုင်း ပထမဆုံးဆွေးနွေးမှုဖြစ်ပေမဲ့ အီရန်ဘက်ကတော့ အသစ်အဆန်းမရှိဘူးလို့ ပြောပါတယ်။











