
ဆီးရီးယားနိုင်ငံ၊ တာတူးစ်ဆိပ်ကမ်းကို ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ ရုရှား ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေ မြေထဲပင်လယ်ကမ်းခြေစခန်းမှာ ဆိုက်ကပ်ထားတာကို တွေ့ရပါတယ်။
ရုရှားရဲ့ စစ်ရေးအရ တည်ရှိနေမှုဆိုင်ရာ သဘောတူညီချက်အသစ်တရပ်ကို ရုရှားနဲ့ ဆီးရီးယား အစိုးရတို့ကြားမှာ ရရှိပြီးတဲ့နောက် ပထမဆုံးအကြိမ်လုပ်တဲ့ ထောက်ပံ့ရေးလုပ်ငန်းစဉ် ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဓာတ်ပုံတွေထဲမှာ ရုရှားကုန်တင်သင်္ဘော စပါတာနဲ့ ရေတပ်ထောက်ပံ့ရေးသင်္ဘော အကာဒေးမစ်ခ် ပါရှင်းတို့က တာတူးစ် ဆိပ်ကမ်းက ဆိုက်ကပ်နေရာတွေမှာ ရပ်ထားတာကို တွေ့ရပါတယ်။
သင်္ဘောလေးစင်းပါတဲ့ ယာဉ်တန်းတခုက ရုရှားစစ်တပ်က ကာလရှည်သုံးခဲ့တဲ့ စခန်းတွေဆီ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ခဲ့တယ်လို့ ဒီလုပ်ငန်းစဉ်ကို သိထားသူတွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
သင်္ဘောပေါ်က ကရိန်းတွေ၊ မီးခိုးခေါင်းတိုင်တွေနဲ့ သင်္ဘောဦးပိုင်း အဆောက်အအုံပုံစံတို့က အရင်မှတ်တမ်းဓာတ်ပုံတွေနဲ့ ကိုက်ညီနေလို့ ဆိပ်ခံတံတားအမှတ် ၃ မှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောကို စပါတာသင်္ဘောအဖြစ် ရိုက်တာက အတည်ပြုခဲ့ပါတယ်။
အကာဒေးမစ်ခ် ပါရှင်း သင်္ဘောနဲ့ စပါတာသင်္ဘောတို့နဲ့ ပတ်သက်လို့ တည်နေရာ အမှတ်အသားအရ နောက်ဆုံးသိရတဲ့ ခြေရာခံ အချက်အလက်တွေအရ ဩဂုတ် ၂၇ ရက်မှာ စပိန်နိုင်ငံအနားက မြေထဲပင်လယ်မှာ ရှိနေခဲ့ပြီး ဂျီဘရော်တာ ရေလက်ကြားကို ဖြတ်ကျော်လာခဲ့တာ ဖြစ်ပါတယ်။
ထောက်ပံ့ရေးပစ္စည်း ပို့ဆောင်မှုဟာ ဩဂုတ်လမှာ ကြေညာခဲ့တဲ့ သဘောတူညီချက်ဟာ ရုရှားအနေနဲ့ တာတူးစ်ဆိပ်ကမ်းနဲ့ အနားက မိုင်မင်လေတပ် စခန်းတို့မှာ စစ်ဆင်ရေးလုပ်ငန်းတွေကို ဆက်ပြီး ပံ့ပိုးကူညီနေတာကိုပြတဲ့ ကနဦးလက္ခဏာတရပ် ဖြစ်ပါတယ်။
သဘောတူညီချက်အရ စခန်းတချို့ကို ဆီးရီးယားရဲ့ ထိန်းချုပ်မှုအောက်ကို ရွှေ့ပေးပြီး တခြားစခန်းတွေကိုတော့ ပူးတွဲ သင်တန်းဌာနတွေအဖြစ် ပြောင်းပေးခဲ့ပေမဲ့ ရုရှားတပ်တွေကတော့ ဆက်ရှိနေမှာဖြစ်ပါတယ်။
တာတူးစ်မြို့ဟာ မြေထဲပင်လယ်ဒေသထဲက ရုရှားအစိုးရရဲ့ တခုတည်းသော ရေတပ်ဆိုင်ရာ ပြုပြင်ရေးနဲ့ ထောက်ပံ့ရေးစခန်း တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။
Source: Reuters











