DVB Logo
Home
မြန်မာသတင်း
မတ်လလယ် အပစ်ရပ်ဆွေးနွေးပွဲပြန်စရန် သဘောတူ
DVB
·
February 21, 2015
မတ်လလယ် အပစ်ရပ်ဆွေးနွေးပွဲပြန်စရန် သဘောတူ
Donate to DVB

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ လာမယ့်မတ်လလယ်မှာ နှစ်ဘက်အပစ်ရပ်ဆွေးနွေးပွဲ ပြန်စဖို့ ဒီနေ့ သဘောတူလိုက်ကြပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကထဲကရပ်တန့်နေတဲ့ နှစ်ဘက်ဆွေးနွေးပွဲတွေပြန်စဖို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ အန်စီစီတီအဖွဲ့ခေါင်းဆောင်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ အလုပ်အဖွဲ့တို့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာလို့ ငြိမ်းချမ်းရေးစင်တာအဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“အခု ဒီနေ့ကျနော်တို့ပြောနိုင်တာကတော့ နံပါတ်တစ်က ရန်ကုန်မှာ မတ် ၁၂ ရက်နေ့နောက်ပိုင်း ဆွေးနွေးပွဲတွေ လုပ်ကိုလုပ်မယ်ဆိုတာကို အန်စီစီတီခေါင်းဆောင် ၃ ယောက်စလုံးက မူအားဖြင့် သဘောတူပြီးဖြစ်တယ်။ နောက် ဆွေးနွေးပွဲကျင်းပမယ့် ပုံသဏ္ဌာန်တွေကိုလည်း အရင်တပတ် ၀န်ကြီးဦးအောင်မင်းနဲ့ ညှိနှိုင်းထားတာကို သူတို့အနေနဲ့ သဘောတူပြီးဖြစ်တယ်”

ဒီနေ့ဆွေးနွေးပွဲကို အန်စီစီတီဘက်က အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုကွယ်ထူးဝင်းနဲ့ ဗိုလ်ချုပ်ဂွန်မော်တို့ ဦးဆောင်တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးစင်တာဘက်က ဦးလှမောင်ရွှေ၊ ဒေါက်တာတင်မောင်သန်းတို့ ဦးဆောင်တက်ရောက်ခဲ့ကြတာပါ။

ဆွေးနွေးပွဲတက်ခဲ့တဲ့ အန်စီစီတီအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက အခုဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအပါအ၀င် အခြေအနေအားလုံးကို ထိန်းနိုင်ဖို့က နှစ်ဘက် ဆွေးနွေးပွဲ ပြန်စမှပဲ ဖြစ်မယ်လို့ ပြောပါတယ်။

“အခုတလော တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ အနေအထားပေါ်မှာ ဒီအခြေအနေတွေ အားလုံးကို ထိန်းနိုင်ဖို့ဆိုတဲ့ ထွက်ပေါက်ကတော့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ဆက်ဖြစ်ရေးပဲ။ အဲ့ဒါမှပဲ အခြေအနေကို ထိန်းသွားလို့ရမယ်၊ အဲ့လိုသဘောထားရှိတယ်။”

မတ်လလယ် ပြန်ကျင်းပမယ့် နှစ်ဘက် အပစ်ရပ် ဆွေးနွေးပွဲကို လေးငါးရက်လောက် အချိန်ယူ ဆွေးနွေးရမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် ချင်းမိုင်ဆွေးနွေးပွဲမှာ ပြည်ထောင်စုနေ့အပြီး တပတ်အတွင်း ရန်ကုန်မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေးကြဖို့ သဘောတူထားခဲ့ကြပေမယ့် ဆွေးနွေးပွဲ မဖြစ်မြောက်ခဲ့ဘဲ ဒီအပေါ် စောင့်ကြည့်နေတဲ့ ပြည်သူတွေအနေနဲ့ စိတ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ လာမယ့် ၇ ကြိမ်မြောက်ဆွေးနွေးပွဲမှာ ပါလာလိမ့်မယ်လို့ အန်စီစီတီခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။

“ယူပီဒဗလျူစီနဲ့ အန်စီစီတီတို့ ဆွေးနွေးပွဲက အပျက်ခံလို့ မရဘူး။ ဒါကို ဆက်ဆွေးနွေးရမယ်။ အဲ့ဒီလို ဆွေးနွေးတဲ့အခါကျရင် ဒီကိစ္စတွေ (တိုက်ပွဲဖြစ်နေတာတွေ) ပါလာလိမ့်မယ်။ ဒီကိစ္စ ဒီပြဿ   နာတွေက နောက်ဆုံးမှာတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အောင်မြင်သွားရင် ဒီကိစ္စကို ထိန်းထားလို့ရမယ်လို့ ယုံကြည်တယ်။”

ယူပီဒဗလျူစီနဲ့ အန်စီစီတီတို့အကြား ကြားကာလ တပ်နေရာ ချထားရေးဆိုင်ရာနဲ့ ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေး စတဲ့ အချက်တချို့ ဆွေးနွေးညှိနှိုင်းဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013