အိန္ဒိယ-မြန်မာနယ်စပ်မှာ သုတေသနသမားများတွေ့ခဲ့ရတဲ့ ဆေးမတိုးတဲ့ ငှက်ဖျားဟာ လူဦးရေထူထပ်တဲ့ နိုင်ငံကနေတဆင့် ကမ္ဘာတ၀န်းပျံ့နှံမှာကို သိပ္ပံပညာရှင်တွေက စိုးရိမ်နေပါတယ်။
ဒီငှက်ဖျားဟာ ခြင်ကြောင့် ကူးစက်တဲ့ ငှက်ဖျားရောဂါတွေကို ကုသတဲ့ အာတီမစ်စီနင်နဲ့ ကုသလို့ မရသလို နိုင်ငံတကာက ထိန်းချုပ်နိုင်တဲ့ ငှက်ဖျားရောဂါ ပြန်လည် ခြိမ်းခြောက်ခံရနိုင်တယ်လို့ မဟီဒေါ-အောက်စ်ဖိုဒ် ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့ကို ကိုးကားပြီး လန်ဆက် ဆေးမဂ္ဂဇင်း မှာ ဖော်ပြပါတယ်။
အာတီမစ်စီနင်ကို ခံနိုင်တဲ့ ငှက်ဖျားပိုးတွေကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ တွေ့ခဲ့ရတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီငှက်ဖျားပိုး အာရှကနေ အာဖရိကကို ပျံနှံ့မယ်ဆိုရင် သန်းနဲ့ချီတဲ့ လူတွေ အတွက် အန္တရာယ်ရှိ တယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုကို လုပ်ဆောင်ခဲ့တဲ့ ဒေါက်တာ ချာလ်းဝုဒ်က ဆေးမတိုးတဲ့ ငှက်ဖျားရောဂါ ကမ္ဘာတ၀န်းကို မပျံနှံ့အောင် လုပ်ဆောင်ဖို့ မြန်မာဟာ ရှေ့တန်းစစ်မျက်နှာ ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိ နယ်စပ် အခြေအနေကို သဘောပေါက်မယ်ဆိုရင် ပိုကောင်းအောင် ပြင်ဆင်နိုင်မှာ ဖြစ်သလို ပိုမပျံ့နှံ့အောင် လုပ်ဆောင်ဖို့ ဗျူဟာတွေကို အကောင်ထည်ဖော်နိုင်မယ်လို့လည်း သူက ပြောပါတယ်။
ခံနိုင်ရည်ရှိတဲ့ ငှက်ဖျားပိုး ပေါ်ထွက်လာတာဟာ လူထု ကျန်းမာရေး အတွက် စိုးရိမ် ခြိမ်းခြောက်မှု တခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၁၃ ခုနှစ်မှာ ငှက်ဖျားနဲ့ ဆက်နွှယ်တဲ့ ဖြစ်ရပ် ၁၉၈ သန်း ဖြစ်ပွားခဲ့ပြီး လူ၅ သိန်းကျော် သေဆုံးခဲ့ပြီး အများစုဟာ အာဖရိက ကလေးငယ်တွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ငှက်ဖျားရောဂါပိုးတွေ ပိုမိုခံနိုင်ရည်ရှိလာတာဟာ ညံ့ဖျင်းတဲ့ ပြုစုကုသမှုတွေကြောင့်လို့လည်း ဆိုပါတယ်။
[gallery ids="82613,82610,82611,82612"]











