DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်စစ်ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါသွားသူအားလုံး သေဆုံး
DVB
·
June 11, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ပါကစ္စတန်နိုင်ငံ၊ ကက်ရှ်မီးယားပြည်နယ်၊ မူဇာဖာရာဘတ်မြို့နားမှာ MI-17 စစ်ရဟတ်ယာဉ်တစင်း ပျက်ကျအပြီး စစ်ရဟတ်ယာဉ်ပေါ်ပါတဲ့ ဝန်ထမ်းအားလုံး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ဇွန် ၁၀ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။

ပါကစ္စတန်စစ်တပ်က Mi-17 ရဟတ်ယာဉ်တစင်း နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မူဇာဖာရာဘတ်မြို့နားမှာ ပျံတက်နေချိန် ပျက်ကျခဲ့တာလို့ ကြေညာချက်ထဲမှာ ပြောပါတယ်။

သေဆုံးသူအရေအတွက်ကိုတော့ မပြောခဲ့ပေမဲ့  အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ အခင်းဖြစ်တဲ့နေရာကို ရောက်နေပြီး မတော်တဆမှုဖြစ်ရတဲ့ တိကျတဲ့ နည်းပညာဆိုင်ရာ အကြောင်းရင်းကို သိအောင်လုပ်ဖို့ စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ကို အမိန့်ပေးထားတယ်လို့လည်း ပြောပါတယ်။

ရဟတ်ယာဉ်ဟာ ပျံတက်နေချိန်မှာ ပျက်ကျတာဖြစ်ပြီး မီးလောင်သွားတယ်လို့ မျက်မြင်သက်သေတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ပြောပါတယ်။

မီးသတ်သမားတွေက မီးတောက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။

ဒေသတွင်း လုံခြုံရေးအတွက် အစိုးရက ခန့်အပ်ထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ရိန်းဂျားတွေ စစ်ရဟတ်ယာဉ်ပေါ်မှာ ပါတယ်လို့ မြို့ခံတွေကို ကိုးကားပြီး အေပီ သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒေသတွင်းမှာ ဥပဒေအရ ပိတ်ပင်ထားတဲ့ အုပ်စုတွေက ရဲစခန်းတွေနဲ့ လုံခြုံရေးတပ်တွေကို တိုက်ခိုက်ခဲ့လို့ လူ ၄ ယောက် သေဆုံးပြီး တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ဒါပေမဲ့ စစ်ရဟတ်ယာဉ် ပျက်ကျမှုနဲ့ အကြမ်းဖက် ဆန္ဒပြ ပစ်ခတ်မှုတွေကြား ဘယ်လို ပတ်သက်မှုကိုမှ စစ်တပ်က ထုတ်မပြောသေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013