
စစ်ကိုင်တိုင်းအထက်ပိုင်း မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့ထဲက ရပ်ကွက် ၃ မှာရှိတဲ့ ၄ ထပ် ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ မတ် ၂၀ ရက် မနက် ၁၁ နာရီ လောက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေနဲ့ စစ်ရှောင်ပြည်သူတွေ အသက်ဆုံးရှုံး ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
၄ ထပ်တိုက် ဘုန်းကြီးကျောင်းဟာ ကသာမြို့သိမ်းတိုက်ပွဲဖြစ်ပွားစဉ်ကတည်းက ပြည်သူ အများအပြား ခိုလှုံတိမ်းရှောင်နေထိုင်နေတာဖြစ်ပြီး လေကြောင်းတိုက်တဲ့ အချိန်ဟာ ဘုန်းတော်ကြီး တွေ ဆွမ်းစားချိန်ဖြစ်လို့ သံဃာတော်တွေနဲ့ ဆွမ်းကပ်တဲ့ ဒါယကာ၊ ဒါယိကာမတွေလည်း ထိခိုက် သေဆုံးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ဆွမ်းစားချိန်ကို ဗုံးကြဲတာဆိုတော့ ဆွမ်းစားနေတဲ့ ဘုန်းကြီးတွေကော၊ ဆွမ်းလာကပ်တဲ့ ဒါယိကာ၊ ဒါယိကာမတွေလည်း ပါသွားတယ်၊ ပြည်သူတွေလည်းပါတယ်။ သေတာကတော့ ၂၀ ဝန်းကျင်လို့ တော့ ပြောနေတယ်၊ အတိအကျတော့ မသိရသေးဘူး။”
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဟာလေးထပ်ဘုန်းကြီးကျောင်းက ၂ ထပ်ဆောင်မှာ စစ်ဘေးရှောင်နေကြတဲ့ ကသာဒေသခံ ၁၇ ယောက် သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့တာလို့ မြေပြင်ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတယောက်က ပြောပါတယ်။
"ဆုံးသွားတဲ့သူတွေဆိုတာလေ အုတ်ပုံတွေကြားထဲ ရောက်သွားတဲ့ လူတွေလောက်ပဲ အကောင်းရတာ။ ကျန်တဲ့သူတွေက ခြေတွေလေက်တွေဦးရေခွံတွေ တစစစီလိုက်ကောက်ရတာ။ တော်တော်လေးကို သွေးပျက်စရာပါပဲ။ နောက်ပြီး ဒဏ်ရာရတဲ့အထဲ လသားအရွယ်ကလေးငယ် တယောက်ပါသေးတယ်။ အဲ့ကလေးလည်း နောက်ကျောတခြမ်းလုံး အရေခွံကွာသွားတယ်၊ အခုကမြို့ကိုလည်း ပိတ်ထားတယ်။ ကူညီကယ်ဆယ်ရေးကလည်း အကုန်မလုပ်နိုင်သေးပါဘူး"
ဒါ့အပြင် မြေပြင်အခြေအနေမှာလည်းဆေးဝါးမလုံလောက်တာကြောင့် ဒဏ်ရရသူတွေအထဲက ပြင်းထန်သူတချို့ကတော့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်လိုက်ရတယ်လို့ ကူညီပေးနေသူက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းထဲက အဆောက်အအုံတွေလည်း မီးလောင် ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံး ဒဏ်ရာရရှိတဲ့ ပြည်သူတွေ အများအပြားရှိပေမဲ့ အရေအအတွက်ကို တော့ အတည်မပြုနိုင်သေးပါဘူး။
အဆိုပါဘုန်းကြီးကျောင်းဟာ ကသာအကျဉ်းထောင်ရှေ့မှာတည်ရှိတာဖြစ်ပြီး မြစ်ကမ်းနဲ့ ကားလမ်း ဘေးမှာ တည်ရှိပါတယ်။
ကသာဒေသခံတယောက်က “မြို့သိမ်းတိုက်ပွဲဖြစ်တဲ့နေရာတွေထက်စာရင် အဲဒီနေရာတွေက တိုက်ပွဲ မရှိဘူး၊ အဲဒီလိုဆိုတော့ တခြားတိုက်ပွဲဖြစ်တဲ့ ရပ်ကွက်က ပြည်သူတွေ အဲဒီမှာ စစ်ဘေးရှောင် နေကြတာ၊ ၁၀၀ ကျော် လောက်ရှိတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ၄ ထပ်ဘုန်းကြီးကျောင်းအပြင် မြိုင်ဘုန်းကြီးကျောင်းကိုလည်း ဗုံးကြဲတိုက်ခိုက် သွားတယ်လို့ ဒေသခံက ပြောပါတယ်။
ကသာမြို့ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး စစ်တပ်က တိုက်လေယာဉ်တွေ အပြင် Y-12 လေယာဉ်တွေနဲ့ပါ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်နေပါတယ်။











