
တောင်သူလယ်သမားတွေအတွက် ချေးငွေတိုးမြှင့်ပေးမယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ ဧပြီ ၂၀ ရက်မှာ ကျင်းပတဲ့ သူ့ဩဇာခံ အစိုးရအဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးမှာ ပြောပါတယ်။
အဆိုပါ အစည်းအဝေးမှာ လာမဲ့ ရက် ၁၀၀ အတွင်း အကောင်အထည်ဖော်မဲ့ အစီအစဉ်တွေကို ပြောဆိုခဲ့ပြီး စီးပွားရေးကဏ္ဍနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ တောင်သူလယ်သမားတွေကို စီမံချက်နဲ့ ချေးငွေတွေကို တိုးမြှင့် ထုတ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့အတွက် တဧကကို စိုက်ပျိုးစရိတ် ချေးငွေ ၃ သိန်းကျပ်၊ တခြားသီးနှံ ၁၈ မျိုးအတွက် တဧက ၂ သိန်းခွဲကျပ်၊ ပန်းနှမ်း၊ ဆီမုန်ညှင်း၊ ဂုံလျှော်တို့အတွက် တဧက ကျပ် ၁ သိန်းခွဲကျပ်အထိ တိုးမြှင့်ထုတ်ချေးမယ်လို့ ဆိုပါတယ်။
အရင်က ထုတ်ချေးနေတဲ့ ချေးငွေတွေကတော့ စပါးအတွက် တဧက ချေးငွေ ကျပ် ၁၅၀,၀၀၀ နဲ့ တခြားသီးနှံတွေအတွက် တဧက ကျပ် ၁ သိန်းကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးနေတာ ဖြစ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ထုတ်ကုန်ပစ္စည်းတွေ ပိုမိုထုတ်လုပ်ပြီး ပြည်ပပို့ကုန်တိုးမြှင့်ကာ နိုင်ငံခြားငွေ ရှာရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းတိုးတက်ဖို့နဲ့ အသားငါးဈေးနှုန်း လျော့ကျဖို့ ပြည်တွင်းထုတ် စိုက်ပျိုးရေးထွက်ကုန်တွေကို အခြေခံတဲ့ တိရစ္ဆာန်အစာ ထုတ်လုပ်ပြီး မွေးမြူရေး လုပ်ရမယ်လို့ စစ်အာဏာရှင်က ပြောပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာလည်း အဲဒီလို မကြာခဏပြောဆိုခဲ့ပေမဲ့ လက်တွေ့မှာတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍက အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ပိုပြီး ကြီးလာတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
အထူးသဖြင့် မြေဩဇာ၊ မျိုးစေ့နဲ့ လောင်စာဆီဈေးတွေ တက်လာတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ ပိုမြင့်လာပြီး တောင်သူလယ်သမားတွေ အမြတ်လျော့လာတာတွေ ရှိသလို တချို့ ဒေသတွေမှာတော့ အရှုံးပေါ်တဲ့အခြေအနေတွေတောင် တွေ့လာရပါတယ်။
ဒါ့အပြင် ငွေကြေးရရှိနိုင်မှုကလည်း တောင်သူတွေအတွက် အခက်အခဲတခုဖြစ်နေပါတယ်။ အစိုးရ ချေးငွေတွေကို လွယ်လွယ်ကူကူ မရရှိနိုင်တဲ့အခြေအနေတွေရှိနေပြီး တချို့ကတော့ အတိုးနှုန်းမြင့် တဲ့ ပုဂ္ဂလိကချေးငွေတွေကို အစားထိုး အသုံးပြုနေရပါတယ်။
ဒါ့အပြင် လုပ်သားအင်အားလည်း လျော့နည်းလာပါတယ်။ လူငယ်တွေ တချို့ ပြည်ပထွက်သွားတာ၊ တချို့က တခြားလုပ်ငန်းတွေ ပြောင်းသွားတာကြောင့် လယ်ယာလုပ်ငန်းအတွက် လုပ်သား ရှားပါး လာတာတွေ ရှိနေပါတယ်။
ဒီလိုအခြေအနေတွေအောက်မှာ တောင်သူတွေအတွက် ချေးငွေတွေ တိုးမြှင့်ပေးမယ်ဆိုတဲ့ ပြောဆိုချက်တွေက တချို့အခက်အခဲတွေကို သက်သာစေနိုင်မယ်လို့ မြင်ရပေမဲ့ လက်တွေ့မှာ အပြည့်အဝ အကျိုးသက်ရောက်မှု ရရှိဖို့ဆိုရင် တခြားပြဿနာတွေကိုပါ တပြိုင်နက် ဖြေရှင်းဖို့ လိုအပ်နေတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။
လတ်တလောမှာတော့ စက်သုံးဆီ အကျပ်အတည်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် နဲ့ သယ်ယူပို့ဆောင်စရိတ်တွေ ပိုမြင့်တက်လာတဲ့အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥဈေးနှုန်းတွေအပြင် အသားငါးဈေးတွေပါ အခြေခံပြည်သူတွေအတွက် လက်လှမ်းမမီနိုင်အောင် အထိဆက်လက် မြင့်တက်နေပါတယ်။










