DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုညီလာခံကျင်းပရန် အစိုးရကို ၀ိုင်းဝန်းတိုက်တွန်း
DVB
·
February 19, 2015
ပြည်ထောင်စုညီလာခံကျင်းပရန် အစိုးရကို ၀ိုင်းဝန်းတိုက်တွန်း
1 / 10
Donate to DVB

ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး အဖြေရှာနိုင်အောင် အစိုးရက ပြည်ထောင်စုအဆင့်ညီလာခံတရပ်ကျင်းပဖို့  တိုင်းရင်းသားအင် အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက  တိုက်တွန်းတောင်းဆိုပါတယ်။

ယူအန်အေ (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့) နဲ့ အဖွဲ့ဝင်နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ လူထုအခြေပြုအဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့က ကိုယ်စားလှယ်တွေ ဟာ  ဖေဖော်ဝါရီလ ၁၇ - ၁၉ ရက်နေ့ထိ ရန်ကုန်မှာ ဆွေးနွေးခဲ့ပြီး သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။

ယူအန်အေ သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပင်လုံစိတ်ဓာတ်၊ ပင်လုံမူ၊ ပင်လုံကတိက၀တ်တွေကို အခြေခံတဲ့ ပြည်ထောင်စုအဆင့်ညီလာခံကျင်းပဖို့ တိုက်တွန်းတာလို့ ပြောပါတယ်။

“ဒီတခေါက်ဆွေးနွေးပွဲမှာ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်းအကြောင်းထက် မြန်မာနိုင်ငံမှာ အဓိက အရေးကြီးတဲ့  နိုင်ငံရေးပြဿ နာ၊ ၊ ပြုပြင်ပြောင်းလဲဖို့ ၊   ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့၊  ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ စတဲ့အကြောင်းတွေ ဆွေးနွေးခဲ့တယ်။”
ယူအန်အေ ညီလာခံမှာ နိုင်ငံရေးပါတီ ၁၈ ဖွဲ့၊ တိုင်းရင်းလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၊ လူထုအခြေပြုအဖွဲ့အစည်းက ၇ ဖွဲ့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။  ညီလာခံနောက်ဆုံးနေ့မှာ လက်ရှိပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒဖော်ထုတ်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ပါတယ်။

ကယန်းပြည်သစ်ပါတီကိုယ်စားပြုအနေနဲ့ ပါဝင်ဆွေးနွေးခဲ့တဲ့ ဗိုလ်မှူးစောလွင်က “ပြည်ထောင်စုညီလာခံကျင်းပပြီးတော့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ခြင်း၊ ဒါမှမဟုတ် အသစ်ပြန်ရေးဖို့၊ ပြီးတော့ တခြားနိုင်ငံရေးပြဿ     နာတွေပါ ဆွေးနွေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးဖြစ်မြောက်ရေးအတွက် ၀ိုင်းပြီးဆောင်ရွက်ဖို့၊ ပြီးတော့ လတ်တလောဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသက ပဋိပက္ခအပါအ၀င် တခြားဒေသက စစ်ရေးပဋိပက္ခအားလုံးကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာဖို့ တိုက်တွန်းထားပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲကို မလွဲမသွေကျင်းပဖို့ ၊ ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ညီပြီး လွတ်လပ်ပြီးတရားမျှတဖို့လည်း အစိုးရကို တောင်းဆိုထားပါတယ်။

အမျိုးသားပညာရေးတောင်းဆိုလှုပ်ရှားမှုကို ထောက်ခံကြောင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲက အမျိုးသားပညာရေး သဘောတူမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံးအတည်ပြုပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ မတရားဖမ်းဆီးခံထားရသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့လည်း တောင်းဆိုကြပါတယ်။

ဒီသဘောထားတွေကို  လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် ၁၅ ဦးပါ လုပ်ငန်းကော်မတီအဖွဲ့ကို  ဖွဲ့စည်းဖို့ သဘောတူခဲ့ပြီး အဲဒီထဲမှာ ယူအန်အေက ၃ ဦး၊ မဟာမိတ်နိုင်ငံရေးပါတီက ၃ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲက ၃ ဦး၊ လူထုအခြေပြုအဖွဲ့ထဲက ၃ ဦး၊ ဆွေးနွေးပွဲတက်ရောက်လာသူတွေက ၀ိုင်းပြီးရွေးချယ်တဲ့ ၃ ဦးပါဝင်မယ်လို့ ဗိုလ်မှူးစောလွင်က ပြောသွားပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်း ရှမ်းပြည်နယ် တောင်ကြီး တိုင်းရင်းသားပါတီ၂၅ ပါတီတက်တဲ့ညီလာခံကလည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် လိုလားပြီး ရအောင် ကြိုးပမ်းမယ်လို့ သဘောထားထုတ်ပြန်ခဲ့ကြပါသေးတယ်။

အစိုးရနဲ့ တပြည်လုံးအပစ်ရပ်ဖို့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) ကလည်း ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့မူကို ခိုင်ခိုင်မာမာ ကိုင်စွဲထားပါတယ်။

နိုင်ငံတော်သမ္မတက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ရေဒီယိုမိန့်ခွန်းမှာ “ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် အရေးကြီးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး သဘောတူညီချက်ကို ခိုင်မာစွာရရှိထားပြီးဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ - ယူအန်အေ

[gallery ids="82385,82386,82387,82388,82389,82390,82391,82392,82393,82394"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013