
ချယ်လ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ မက်ဒရစ်မြို့အပေါ် နှစ်သက်မြတ်နိုးကြောင်း ပြောကြားခဲ့တဲ့ မှတ်ချက်တွေကြောင့် အသင်းရဲ့ ပြည်တွင်းပွဲပယ်ပြစ်ဒဏ်အရ ဒီနေ့ည ကစားရမဲ့ မန်စီးတီးနဲ့ပွဲကို ဆက်လက်လွဲချော်ဦးမှာ ဖြစ်ပါတယ်။
အန်ဇိုဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွင်း အင်တာဗျူးတခုမှာ ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေထွက်ပေါ်နေတဲ့ မက်ဒရစ်မြို့ကို ချီးကျူးခဲ့တာကြောင့် အသင်းရဲ့ အရေးယူမှုကို ခံခဲ့ရတာပါ။
အန်ဇိုဘက်က အသင်းနဲ့ နည်းပြကို တောင်းပန်ခဲ့သလို၊ သူ့ရဲ့အေးဂျင့်ကလည်း ပွဲပယ်ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ မျှော်လင့်ခဲ့ပေမဲ့ နည်းပြ လီယမ်ရိုဆင်နီယာကတော့ မူလဆုံးဖြတ်ချက်အတိုင်းပဲ အန်ဇိုကို တနင်္ဂနွေနေ့ပွဲစဉ်မှာ အသုံးပြုမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
ရိုဆင်နီယာက "အန်ဇိုဟာ ကျနော့်ကိုရော အသင်းကိုပါ တောင်းပန်ပြီးပါပြီ။ ဒါပေမဲ့ ကျနော်တို့ ချမှတ်ထားတဲ့ ပြစ်ဒဏ်အတိုင်းပဲ သွားမှာပါ" လို့ ဆိုပါတယ်။
ချယ်လ်ဆီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးနဲ့ ၁ မှတ်အကွာမှာ တိုက်ပွဲဝင်နေရပါတယ်။










