DVB Logo
Home
မြန်မာသတင်း
အလုပ်သမားသပိတ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ကြားဝင်ညှိနှိုင်း
DVB
·
February 17, 2015
အလုပ်သမားသပိတ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ကြားဝင်ညှိနှိုင်း
1 / 8
Donate to DVB

ရန်ကုန် ရွှေပြည်သာစက်မှုဇုန်အတွင်းက အထည်ချုပ်စက်ရုံ ၄ ရုံက အလုပ်သမားရာပေါင်းများစွာဟာ အခြေခံလစာ တိုးမြှင့်ပေးဖို့တောင်းဆိုချက်ကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရ ၀န်ကြီးချုပ်ဦးမြင့်ဆွေက ကြားဝင် ဆွေးနွေးဖြေရှင်းပေးပါတယ်။

Ford Glory Garment, Costec International, E,land Myanmar Garment နဲ့ Han jen အထည်ချုပ်စက်ရုံတွေ အလုပ်သမား တထောင်ကျော် မနက်က တညင်းကုန်းလမ်းဆုံကနေ ရန်ကုန်တိုင်း အစိုးရရုံးရှေ့ကို ချီတက်ဆန္ဒပြကြပါတယ်။

ဆန္ဒပြအလုပ်သမားတွေက အခြေခံလစာ ၃ သောင်းကနေ ၆ သောင်းအထိ တိုးမြှင့်ပေးဖို့၊ အမြဲတမ်း ဝန်ထမ်းနဲ့ နေ့စားဝန်ထမ်းတွေကို အကျိုးခံစားခွင့်တန်းတူရရှိရေး၊ နှစ်ပြည့်လုပ်သားတွေကို နှစ်တိုးကြေး(နှစ်ပြည့်ကြေး)ပေးအပ်ဖို့နဲ့ လုပ်ငန်းခွင်စည်းကမ်းတွေကို အလုပ်သမားသမဂ္ဂနဲ့ ညှိနှိုင်းရေးဆွဲဖို့ စတဲ့အချက်တွေကို တောင်းဆိုကြချက်အပေါ် ညှိနှိုင်းကြတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက စက်ရုံတရုံစီက အလုပ်သမား ကိုယ်စားလှယ် ၄ ယောက်စီနဲ့ အလုပ်သမား ဒုဝန်ကြီးအပါအ၀င် အစိုးရတာဝန်ရှိ သူတွေနဲ့ မနက် ၁၀ နာရီကတည်းက ညှိနှိုင်းကြတာဖြစ်ပြီး ညနေ ၆ နာရီအထိ ညှိနှိုင်းကြပါတယ်။
ဒီနေ့ ညှိနှိုင်းပွဲမှာ အလုပ်ရှင်က မလိုက်လျောခဲ့တာကြောင့် ရပ်နားပြီး နောက်ရက် ဆက်လက် ဆွေးနွေးမယ်လို့ ကောစတစ်စက်ရုံက အလုပ်သမားကိုယ်စားလှယ် မအေးစန္ဒာဝင်းက ပြောပါတယ်။

“အဓိက ပြန်ပြီးဆွေးနွေးတာက ညီမတို့ရဲ့ အခြေခံလုပ်ခလစာကို ၃ သောင်းကို တောင်းခဲ့တာပါ။ ဒီ ၃ သောင်းအပေါ်မှမူတည်ပြီး ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားရေးရာဝန်ကြီး ဇော်အေးမောင်က သမီးတို့ဘက်က နည်းနည်းလောက်ဖြစ်ဖြစ်လျော့ပါဆိုလိုက ကျမတို့က တနေ့တထောင်ပေးဖို့တောင်းတယ်။ ဒါပေမယ့် လုပ်ငန်းရှင်ဖက်ကနေပြီး လုံးဝမပေးပါဘူး။ အခြေခံအားဖြင့် တနေ့ကို ၃၀၀ ပဲပေးတယ်။ ၃ ရာထက်ပိုပြီး သူတို့ဖက်က မပေးနိုင်ပါဘူး။ ဥပဒေအတိုင်းပဲလုပ်မယ်ဆိုပြီး ဆွေးနွေးပွဲကို ရပ်နားခဲ့ခြင်းဖြစ်ပါတယ်။”

ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကတော့ အလုပ်သမားတွေကို မနက်ဖြန်ထပ်မံဆွေးနွေးဖို့ မြို့နယ်ထွေအုပ်ရုံးမှာ ပြန်လည်ချိန်းဆိုထားတယ်လို့ လည်း မအေးစန္ဒာဝင်းက ပြောပါတယ်။
“အရင်ဦးဆုံး E-land Myanmarကို ၁၀ နာရီ၊ Ford Gloryကို ၁၁ နာရီနဲ့ ညီမတို့ Costec ကို ၁၂ နာရီ ချိန်းပါတယ်။”

ညှိနှိုင်းမှုအဆင်မပြေတဲ့အတွက် အလုပ်သမားတွေဟာ သူတို့စက်ရုံက သပိတ်စခန်းတွေမှာ ပြန်ပြီး ဆက်လက်သပိတ်ဆင်နွှဲပြီး ဆွေးနွေးမှုအဖြေကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း ပြောပါ တယ်။ အထည်ချုပ်စက်ရုံ လုပ်သားတွေဟာ ဇန်န၀ါရီလ ၂၈ ရက်နေ့ကတည်းက ဆန္ဒပြနေကြ တာဖြစ်ပါတယ်။

ဆန္ဒပြတဲ့ ford glory အထည်ချုပ်စက်ရုံက အလုပ်သမား မယမင်းက “ ညီမတို့က ဒီဖက်မှာကျတော့ နယ်ဝေးက လာတဲ့သူတွေကများတယ်။ အဆောင်နေတဲ့သူတွေက များတယ်။ အဆောင်လခ ရှိတယ်။ ကျန်းမာရေး ရှိတယ်။ အိမ်ကိုပြန်ပို့ရတာ ရှိတယ်။ ကျန်းမာရေးနဲ့ အဆောင်လစာကို ဖယ်လိုက်မယ် ဆိုရင် အိမ်ကိုပြန်ပို့ရတဲ့ လက နည်းပါတယ်။ ပို့တဲ့လမှာလည်း ၂ သောင်း ၃ သောင်းအပြင် ဒီထက်ကို မပို့နိုင်ဘူး။ ပြီးတော့ တရက်ပျက်ရင် ပျက်သလို တသောင်း တသောင်းခွဲလောက်က အဖြတ်ခံရပါတယ်။ အဲဒီအတွက် အခြေခံလစာကို တိုးတောင်းတာပါ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေဟာ နိုင်ငံတ၀န်း သတ်မှတ်မြို့နယ် ၁၀၀ ကျော်မှာ စစ်တမ်း ကောက်ယူနေပြီး အောက်တိုဘာလောက်မှာ အနိမ့်ဆုံး လုပ်ခလစာနှုန်းထားတရပ် ထွက်ပေါ်လာမယ်လို့ ပြောထား အစိုးရဘက်က ခန့်မှန်းပြောဆိုထားပါတယ်။

သတင်းဓာတ်ပုံ - ကိုမျိုးမင်းမင်း၊ သူဇော်

[gallery ids="82163,82164,82165,82166,82167,82170"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013