DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်တွင် ကယ်ဆယ်ရေးယာဉ်တန်း ပစ်ခတ်ခံရ
DVB
·
February 17, 2015
လောက်ကိုင်တွင် ကယ်ဆယ်ရေးယာဉ်တန်း ပစ်ခတ်ခံရ
1 / 5
Donate to DVB

အစိုးရနဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့အကြား တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကနေ စစ်ဘေးဒုက္ခသည်တွေ သယ်ဆောင်တဲ့ ကြက်ခြေနီကယ်ဆယ်ရေး ယာဉ်တန်း သေနတ်ပစ်ခံရပြီး ၂ ဦးဒဏ်ရာရတယ်လို့ ယာဉ်ပေါ်လိုက်ပါတဲ့ ဒီဗွီဘီသတင်းထောက် ကိုခွန်ဇော်ဦးက ပြောပါတယ်။

ချင်းရွှေဟော်ကနေ လောက်ကိုင်ကို ဒုက္ခသည်တွေ သွားခေါ်တဲ့ ကားကြီး ၃ စီးနဲ့ ကားလေး ၃ စီး စုစုပေါင်း ယာဉ် ၆ စီးအနက် ရှေ့ဆုံးကားကို ဒီကနေ့ နေ့ခင်း ၃ နာရီခွဲခန့်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းနဲ့ ရှေ့ခန်းမှာ ထိုင်တဲ့အမျိုးသား ဒဏ်ရာရခဲ့တယ်လို့ ကိုခွန်ဇော်ဦးက ပြောပါတယ်။

ကိုခွန်ဇော်ဦးက “ကျနော်တို့ကား အပစ်ခံရတာ။ ကျည်ထိသွားတဲ့အခါကျတော့ ကားက ထိုးရပ်သွားတယ်။ ယာဉ်မောင်း ကိုဇော်မင်းထိုက်က မျက်စိမှာ မှန်စ၀င်တယ်။ ဘေးမှာ ထိုင်နေတဲ့ ကြက်ခြေနီအကိုကြီး ကိုမိုးကျော်က ဗိုက်မှာ သွားမှန်တယ်။ ကွမ်လုံဆေးရုံ က လူနာတွေ အသက်အန္တရာယ် မစိုးရိမ်ရဘူးတဲ့” လို့ ပြောပါတယ်။

ကျန်တဲ့ခရီးသည်တွေ ဘာမှမဖြစ်ကြဘဲ ကားပေါ်မှာပဲ ၂ နာရီခန့်ကြာ ၀ပ်နေခဲ့ကြ တယ်လို့ ဆိုပါတယ်။

အပစ်ခံရတဲ့နေရာဟာ ခလရ ၁၂၈ အခြေပြုတောင်ကုန်းဝန်းကျင်က ပါစီကျေးရွာ အကျော်မှာ ဖြစ်ပြီး အဲဒီနားမှာ တိုက်ပွဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

လောက်ကိုင်က ဒုက္ခသည်တွေကို ချင်းရွှေဟော်မှာဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းဆီ ခေါ်ဆောင်ပြီး အလှူရှင်တွေက ကျွေးမွေးကုသကြသလို နေရပ်ပြန်နိုင်အောင် ကူညီနေကြောင်းနဲ့ စုရပ်ကိုတော့ ကွမ်းလုံကို သတ်မှတ်ထားပါတယ်။

ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာတော့ မသိရဘဲ ကားမှာ ကြက်ခြေနီအလံတင်ပြီး သွားနေတာကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

သူက “ကျနော်တို့က ကြက်ခြေနီအဖွဲ့နဲ့အတူ ချင်းရွှေဟော်ကနေ လောက်ကိုင်ကိုသွားပြီး ဒုက္ခသည်တွေကို သွားခေါ်တာ အပြန်မှာ အပစ်ခံရတာပဲ။ ဒုက္ခသည်ယာဉ်တန်းပါ ကျနော်တို့ကားက ရှေ့ဆုံးကကား။ ကားက အပြာရောင်။ ဘာလက်နက်ကိုင်မှ မပါဘူး။ အရပ်ဝတ်တွေပဲ ၀တ်ထားကြတာ။ သိသိကြီးနဲ့ ပစ်တာခင်ဗျ။ ကျနော်တို့ ကားတိုင်း (ကား ၃စီး) မှာ ကြက်ခြေနီအလံတွေ အဖြူပေါ်မှာ အနီကြား ကြက်ခြေနီအလံတွေ ထောင်ထားတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေမှာလည်း လူတွေမှာလည်း ကြက်ခြေနီဝတ်စုံတွေ အကုန်လုံး ၀တ်ထားပါတယ်။ စစ်သားလို့ ထင်ရလောက်အောင်ဘာမှ မ၀တ်ထားဘူး”လို့ ပြောပါတယ်။

ကားတစီးစီမှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအ၀င် စစ်ဘေးဒုက္ခသည် ၄၀ ခန့်စီ စုစုပေါင်း ၁၂၀ လောက် လိုက်ပါလာတယ်လို့ ဆိုပါတယ်။ လောက်ကိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ကိုးကန့်တိမ်းရှောင်အဖွဲ့နဲ့ အစိုးရ အလွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက ကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အစိုးရက ပုဒ်မ ၁၄၄ ထုတ်ထားပါတယ်။

ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င် ဒီစစ်ဘေးဒုက္ခသည်တွေဟာ ပိတ်မိနေတဲ့အ တွက် အခုမှ ကယ်ထုတ်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုခွန်ဇော်ဦးက “ရင်ခွင်ပိုက်ကလေး ခြောက်လသားကနေ သက်ကြီးရွယ်အိုအထိ ပါတာပေါ့။ တချို့ကျတော့ ပိတ်မိနေတာ။ ကျနော်တို့နဲ့ လိုက်လာတဲ့အဖွဲ့ဆိုရင် ကြံခုတ်နေရာကနေ တရုတ်နယ်စပ်ကနေ ၄ နာရီလောက် ခြေကျင်လျောက်ပြီးမှ ကြိုဆိုတဲ့ နေရာကို လာရတယ်။” လို့ ပြောပါတယ်။

လောက်ကိုင်မြို့ ဒီကနေ့မြင်ကွင်းကို သူက “ဒီနေ့ မြို့ထဲသွားတော့ တိုက်တချို့မီးရှို့ခံထားရတယ်။ တိုက်ကြီးတွေ မီးလောင်နေတာ တွေ့တယ်။ ဆိုင်တွေ ဖောက်ခံထားရတာ တွေ့တယ်။ လမ်းပေါ်မှာ အလောင်း ၃ လောင်းတွေ့ခဲ့တယ်။ လမ်းလည်ကောင်မှာ” လို့ ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013