DVB Logo
Home
မြန်မာသတင်း
မြန်မာ့အသံဝန်ထမ်းကို မျက်နှာဖုံးစွပ်ထားသူများ ခေါ်ဆောင်သွား
DVB
·
February 17, 2015
မြန်မာ့အသံဝန်ထမ်းကို မျက်နှာဖုံးစွပ်ထားသူများ ခေါ်ဆောင်သွား
Donate to DVB

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန မူဆယ်ခရိုင် မုံးပေါ်ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံမှာ တာဝန်ခံ အဖြစ် ထမ်းဆောင်နေသူ ဦးအောင်ဇော်ထွန်းကို အမည်မသိ မျက်နှာဖုံးစွပ် အမျိုးသား ၃ ဦးက နေအိမ်ကနေ ခေါ်ဆောင်သွားတယ်လို့ ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ သတင်း ထုတ်ပြန်ပါတယ်။

အဆိုပါဝန်ထမ်းဟာ အီလက်ထရွန်နစ် ကျွမ်းကျင် ၃ အဆင့်ရှိပြီး မူဆယ်ခရိုင် မုံးကိုးမြို့နယ် မုံးပေါ်ရွာမှာရှိတဲ့ ဇနီးဖြစ်သူရဲ့ နေအိမ်ကို ရောက်ရှိနေချိန် ဖေဖော်ဝါရီလ ၁၄ ရက် ည ၁၀ နာရီခွဲလောက်က မျက်နှာဖုံးစွပ်ထားသူတွေက ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဘာကြောင့်ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပေမယ့် ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နယ်မြေအုပ်ချုပ်ရေးအဖွဲ့က လိုက်လံ စုံစမ်းရှာဖွေမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

လတ်တလော လူပျောက်တိုင်ချက်ဖွင့်ထားပြီး  နယ်မြေခံရဲတပ်ဖွဲ့တွေကိုသာမက တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ကိုပါ ရှာဖွေပေးဖို့ အကူအညီတောင်းထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က  ရဲမှူးကြီးအောင်မြတ်မိုးက  ဒီဗွီဘီကိုပြောပါတယ်။

‘ကျနော်တို့ကတော့ စုံစမ်းတာပေါ့။ ဓာတ်ပုံတို့ဘာတို့တောင်းထားပြီးတော့ လူပျောက်တော့ ဖွင့်ထားတာပေါ့၊ တခြားနယ်မြေတွေရယ် တရုတ်ရဲကိုလည်း သတင်းပေးပြီးတော့ ဟိုဘက်ကမ်းကို ရောက်လာခဲ့ရင်လည်း ကူညီစုံစမ်း ဖမ်းဆီးပေးဖို့ အကူအညီတောင်းထားတယ်။ ဒါပေမယ့် တောထဲကလူလား၊ ဒါမှမဟုတ် တခြားငွေရေးကြေးရေးကိစ္စကြောင့် ရစရာရှိလို့လားဆိုတာ ခုချိန်ထိအောင် မသဲကွဲသေးဘူး။ သေချာပုံပန်းသဏ္ဍာန်ကို တိတိကျကျမပြောနိုင်ဘူးဖြစ်နေတယ်။ လက်နက်ကိုင်အဖွဲ့အစည်းကလား၊ ဒါမှမဟုတ် တစ်ဖက်နိုင်ငံကများ လာသလား၊ နယ်စပ်နဲ့ လည်းနီးနေတော့၊ ခုချိန်ကတော့ ဒီလိုပဲ လိုက်မေးနေရတဲ့အဆင့်ဖြစ်နေတာပေါ့”လို့ ပြောပါတယ်။

မူဆယ်ခရိုင် ပြန်/ဆက် ၀န်ထမ်းတဦးက “အဲဒီက တာဝန်ခံတစ်ယောက်ကို လူ ၃ ယောက်က ခေါ်သွားပြီးတော့ ၁၅ ရက်နေ့မှာ ပြန်ပို့ပေးမယ်ဆိုပြီးတော့၊ ဒါပေမယ့် အခုအချိန်ထိ မပို့သေးဘူး ထင်တယ်၊ နောက်ဆက်တွဲဘာမှ တော့မသိရသေးဘူး။ အဲဒီမှာရှိတဲ့ ၀န်ထမ်းတွေရဲ့ အခြေအနေ ကတော့ အခုအချိန်အထိကတော့ ကောင်းနေပါတယ်၊ ဘာမှတော့ ဖြစ်သံမကြားရသေးဘူး။ အဲဒီမှာက ၀န်ထမ်းသိပ်တော့မများဘူး၊ သူ့တစ်ယောက်ထဲကို ခေါ်သွားတာ၊ သူတို့နေတာ ၁၀ နှစ်ကျော်လောက်ရှိပြီလို့ကြားတာပဲ"လို့ပြောပါတယ်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန မူဆယ်ဇုန်မှာ မုံးပေါ်၊ ဖောင်းဆိုင်၊ မုံးကိုး၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးဝီး စုစုပေါင်း ထပ်ဆင့်လွှင့်စက်ရုံ ၇ ရုံရှိရာမှာ ၃ ရုံက ၀န်ထမ်းတွေက လာရောက်ပူးပေါင်းခဲ့ပြီး ကျန် ၄ ရုံက ၀န်ထမ်းတွေလည်း လုံခြုံရေးအခြေအနေအရ လာရောက်ပူးပေါင်းကြဖို့ ရုံးချုပ်က ကြောင်းကြားထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013