
မိုးသည်းလို့ ရေကြီးမြေပြိုနေတဲ့ အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်က ခရိုင် ၈ ခုအတွက် အိန္ဒိယ မိုးလေဝသဌာန (IMD) က အနီရောင်သတိပေးချက် ထုတ်ပြန်ပါတယ်။ ကျန်ခရိုင် အားလုံးကိုတော့ ဩဂုတ် ၁ ရက် ည ၁၀ နာရီမှာ လိမ္မော်ရောင်သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာပါ။
သဘာဝဘေးနဲ့ ပတ်သက်လို့ လူ ၈ ယောက် သေဆုံးပြီး ပျောက်နေတဲ့ ၆ ယောက်ကို အမျိုးသား ကပ်ဘေးတုံ့ပြန်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်၊ ဒေသခံ အာဏာပိုင်တွေ၊ မီးသတ်ဌာနနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာနေပါတယ်။
ပြည်နယ်တဝန်းက ရေဘေးသင့်ပြည်သူ ၁,၅၀၀ လောက်အတွက် ကယ်ဆယ်ရေးစခန်း ၆၅ ခုကို ဖွင့်ထားပြီးပါပြီ။
ကီရာလာပြည်နယ်ရဲ့ နေရာအနှံ့အပြားမှာ မိုးသည်းပြီး နေရာတချို့မှာ မြေပြိုတဲ့သတင်းတွေ ထွက်ပြီးတဲ့နောက် ဝန်ကြီးချုပ် V.D. စာသီးရှန်က အခွန်ဝန်ကြီး၊ အတွင်းရေးမှူးချုပ်နဲ့ ခရိုင်အခွန်ကောက်ခံသူတွေကို ဆက်သွယ်ပြီး အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။
ဆည်တွေက ရေပိုလွှဲတွေကို ဖွင့်ချခဲ့ပြီး ရေတက်ရက်မှာ ပင်လယ်ရေတွေ ဝင်လာခဲ့လို့ ရေကြီးတာက အခြေအနေ ပိုဆိုးသွားခဲ့တာပါ။
ကယ်ဆယ်ရေးအရာရှိတယောက်က လူ ၅၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အိန္ဒိယမိုးလေဝသဌာနက သြဂုတ် ၁ ရက်မှာ ကီရာလာဒေသမှာ မိုးသည်းမဲ့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး သြဂုတ် ၂ ရက်မှာလည်း မိုးသည်းမယ်လို့ မျှော်လင့်ထားပါတယ်။










