DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကတိ လက်မှတ်ရေးထိုးမှု ကေအန်ယူအတွင်း ပြန်ဆွေးနွေးမည်
DVB
·
February 17, 2015
ငြိမ်းချမ်းရေးကတိ လက်မှတ်ရေးထိုးမှု ကေအန်ယူအတွင်း ပြန်ဆွေးနွေးမည်
Donate to DVB

ပြည်ထောင်စုနေ့က “ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိက၀တ်”မှာ ကေအန်ယူကိုယ်စားလှယ်နှစ်ဦးက လက်မှတ်ထိုးခဲ့မှုဟာ ဗဟိုကော်မီတီဆုံးဖြတ်ချက်နဲ့ မညီတဲ့အတွက် အဖွဲ့တွင်း ဆွေးနွေးအဖြေရှာမယ်လို့ ကေအန်ယူက မနေ့က သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_82062" align="alignright" width="404"]ဓာတ်ပုံ - MPC ဓာတ်ပုံ - MPC[/caption]

နေပြည်တော်မှာ သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော်နဲ့ တပ်မတော်ဘက်က အဆင့်အမြင့်ဆုံး ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ တချို့က ကို်ယ်စား လှယ်တွေနဲ့ အတူ ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့အနက် ကေအန်ယူနဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ ကေအန်ယူ-ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) အဖွဲ ၄ ဖွဲ့က လက်မှတ်ထိုးခဲ့ကြပါတယ်။

ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းတို့က အချက် ၅ ချက်ပါ ကတိက၀တ်ထဲမှာ လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ‘ကေအန်ယူအနေနဲ့ ပြည်ထောင်စုနေ့မှာ ကေအန်ယူ ကိုယ်စားလှယ် စေလွှတ်မှာဖြစ်သလို ဒီနေ့မှာ အစိုးရဖက်က တစုံတရာထုတ်ပြန်ကြေညာရင် ကေအန်ယူနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံး လက်ခံနိုင်တဲ့ သဘောထား ဖြစ်ရမယ်’ လို့ ဖေဖော်ဝါရီလ ဆန်းပိုင်း ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ကနေ သွေဖီဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ကေအန်ယူဒု-ဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က ထောက်ပြပြီး ကေအန်ယူတဖွဲ့လုံးက လက်မခံဘူးလို့ ပြောပါတယ်။

သူက “ဆုံးဖြတ်ချက်တုန်းကတော့ လက်မှတ်ထိုးဖို့ မရှိဘူးပေါ့လေ။ ဟိုမှာ အစည်းအဝေး သွား ပြီးတော့ ဆွေးနွေးတဲ့အပေါ်မှာ ပူးပေါင်း ထုတ်ပြန်ချက် ထုတ်နိုင်တယ်။ နောက်တခြား တိုင်းရင်းသား အဖွဲ့တွေ အများစုပါမှ လုပ်လို့ရတယ်။ အခုကျတော့ ၂ ဖွဲ့ပဲဆိုရင်ကျမတို့ စိုးရိမ်ရ တယ်။ တခြားတိုင်းရင်းသားတွေ နားလည်မှုလွဲမှားမှာ ပြီးတော့ တစုတစည်းထဲသွားရမယ့်အစား ဒီလိုတဖွဲ့နှစ်ဖွဲ့နဲ့ဆိုရင် ကျမတို့ သွားနေတဲ့ တပြည်လုံးအပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရနိုင်ဖို့အတွက် အနှောင့်အယှက်ဖြစ်မှာ ကျမတို့ စိုးရိမ်လို့ဖြစ်တယ်ပေါ့။”

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်တိုင်းရင်းသားတွေ အားလုံး ပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) နဲ့ လက်မှတ်ရေးထိုးရမယ့်အစား အစိုးရအနေနဲ့ တဖွဲ့ချင်းစီ လက်မှတ်ထိုး ခိုင်းတဲ့အတွက် တိုင်းရင်းသားတွေချင်းချင်း နားလည်မှု ကွဲလွဲစေတယ်လို့လည်း ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

မနေ့က ရက်စွဲနဲ့ ကြေညာတဲ့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ ပဒိုစောကွယ်ထူးဝင်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့်မရသေး သလို သူတို့ထံကလည်း တရားဝင်ကြေညာချက်ထုတ်ပြန်ရှင်းလင်းခြင်းမရှိသေးပါဘူး

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိက၀တ်မှာ အချက် ၅ ချက်ပါဝင်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ဦးစွာဆောင်ရွက်ဖို့နဲ့ သမိုင်းရှည်ကြာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အတွက် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း နိုင်မယ့် နိုင်ငံရေး ယဉ်ကျေးမှုတရပ် ထူထောင်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သူတွေ အားလုံး ပါဝင်ခွင့်ရှိ တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အလျင်အမြန် ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ဖို့တို့ ပါဝင်ပါတယ်။

နှစ် ၆၀ ကျော် အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံးဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ထားပြီး အစိုးရနဲ့ ဆွေးနွေးနေတဲ့ အန်စီစီတီ မှာ ပူးပေါင်းဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013