DVB Logo
Home
မြန်မာသတင်း
ဝှိုက်ကတ်ကိုင်သူများဆန္ဒမဲပေးခွင့် ဥပဒေနှင့် မညီဟု ဖွဲ့စည်းပုံခုံရုံးဆုံးဖြတ်
DVB
·
February 17, 2015
ဝှိုက်ကတ်ကိုင်သူများဆန္ဒမဲပေးခွင့် ဥပဒေနှင့် မညီဟု ဖွဲ့စည်းပုံခုံရုံးဆုံးဖြတ်
Donate to DVB

ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူတွေအဖြစ် ပြဌာန်းတာဟာ အခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ခံယူပွဲ ဥပဒေပါ ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများ ဆန္ဒမဲပေးခွင့်ပြုခြင်းနဲ့ စပ်လျဉ်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့တဲ့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ သဘောထား ပြန်ကြားချက်မှာ ခုလို ဖော်ပြထားတာပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် အခြေခံမူများအခန်း ပုဒ်မ ၄ မှာ နိုင်ငံတော် အချုပ်အခြာအာဏာဟာ နိုင်ငံသားတွေထံက ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံး၌ တည်တဲ့အကြောင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ အရင်းအမြစ်ဟာ နိုင်ငံသားတွေ သာဖြစ်ပြီး နိုင်ငံသားတွေကသာ ရွေးကောက်တင်မြှောက်သူနဲ့ ရွေးကောက်တင်မြှောက်ခံ သူတွေဖြစ်တယ်လို့ ခုံရုံးက ထောက်ပြထားပါတယ်။

ဒါ့အပြင် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူဆိုရာမှာ နိုင်ငံသားအရည်အချင်းရှိသူတွေကို ရည်ရွယ်တဲ့အကြောင်း ယာယီသက်သေခံလက်မှတ်ဟာ အကြောင်းတစ်ရပ်ရပ်အရ အချိန်ကာလတစ်ခုအတွက် ယာယီထုတ်ပေးခြင်းသာဖြစ်ပြီး စိစစ်မှုခံယူရဦးမည့် သူတွေဖြစ်တယ်၊ ဒီအခြေအနေမှာ ယာယီသက်သေခံလက်မှတ် ကိုင်ထားသူတွေကို နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဖော်ဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပါဝင်ခွင့်ပြုပါက အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ ငြိစွန်းနေမယ်လို့ လည်း လွှတ်တော်ကိုပေးပို့တဲ့ ခုံရုံးရဲ့ ပြန်ကြားချက်မှာ ပါရှိပါတယ်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကိုလည်း ဆန္ဒမဲပေးခွင့်ပြုဖို့ ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မဲခွဲဆုံးဖြတ် အတည်ပြု လိုက်တာဖြစ်ပြီး ဒီပြဌာန်းချက်ကို အခြေခံဥပဒေနဲ့ ညီမညီဆုံးဖြတ်ပေးဖို့ လွှတ်တော်အမတ် တချို့က ခုံရုံးကို လက်မှတ်ရေးထိုး တောင်းဆိုထားတာပါ။

မြန်မာတနိုင်ငံလုံးမှာ ၀ှိုက်ကတ်ကိုင်ထားသူပေါင်း ၁သန်းခွဲလောက် ရှိမယ်လို့ခန့်မှန်း ချက်တွေရှိပေမယ့် မြေပုံအမတ်ဦးဖေသန်းကတော့ ၆သိန်းခွဲလောက်သာရှိနိုင်ပြီး အများစုက ဘင်္ဂါလီတွေဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ရထားတဲ့ စာရင်းကို ကိုးကားပြီး ဒီဗွီဘီကို ပြောပါတယ်။

ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူတွေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုတဲ့ အပေါ် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေနဲ့ ကျောက်ဖြူမြို့ အပါဝင်ရခိုင်ပြည်နယ် အနှံ့အပြားမှာ မြို့ခံတွေက အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013