DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းအမျိုးသားနှီးနှောဖလှယ်ပွဲ သထုံတွင် ကျင်းပ
DVB
·
February 16, 2015
ပအိုဝ်းအမျိုးသားနှီးနှောဖလှယ်ပွဲ သထုံတွင် ကျင်းပ
Donate to DVB

နိုင်ငံတွင်းဒေသစုံက ပအိုဝ်းအမျိုးသားတွေ ကိုယ်စားလှယ်တွေစုစည်းပြီး မွန်ပြည်နယ် သထုံမြို့မှာ ပအိုဝ်းအမျိုးသားနှီးနှောဖလှယ်ပွဲကို ကျင်းပနေပါတယ်။

PaO 1ဒီနှီးနှောဖလှယ်ပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အဓိကအားဖြင့် ပအိုဝ်းတမျိုးသားလုံးဆိုင်ရာ ဘုံသဘောထားတွေ အခြေခံမူတွေ ချမှတ်နိုင်ရေး၊ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအရေး ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ပအိုဝ်းအမျိုးသားတွေ ပူးပေါင်းပါဝင်နိုင်ရေး အပါအ၀င် အချက် ၆ ချက်ကို ဆွေးနွေးဖလှယ်ကြမှာဖြစ်တယ်လို့ ဒီနှီးနှောဖလှယ်ပွဲကျင်းပရေး ကော်မီတီအတွင်းရေးမှူး ဦးခွန်သန်းဝေက ပြောပါတယ်။

ဒီနှီးနှောဖလှယ်ပွဲကျင်းပတာနဲ့ ပတ်သက်ပြီးတော့လည်းသူက “အဓိကကတော့ မြေပြန့်က ပအိုဝ်းတွေလေ ပအိုဝ်းအဖြစ်ကနေပြီးတော့ ပျက်ပြယ်တယ်။ ပျောက်ကွယ်တယ်။ နိုင်ငံရေးကို သွေးအေးနေကြတယ်။ ဒါတွေကို ပပျောက်ဖို့အတွက် စတင်လှုပ်ရှားတာပေါ့နော်။ မြေပြန့်ပအိုဝ်းမှာလည်း ဒီလိုပွဲမျိုး တကြိမ်တခါမှ မလုပ်ဖူးဘူးလေ။ ဆိုတော့ ခေတ်ရေဆီးကြောင်းနဲ့အညီ ပအိုဝ်းအမျိုးသားတွေအားလုံး နိုင်ငံရေးမှာ သော်လည်းကောင်း၊ အမျိုးသားရေးမှာသော်လည်းကောင်း၊ စာပေကိစ္စတွေမှာ သော်လည်ကောင်း၊ အားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” လို့ ဦးခွန်သန်းဝေက ပြောပါတယ်။

ဒီနှီးနှောဖလှယ်ပွဲမှာ ပအိုဝ်းသမိုင်းကြောင်းနဲ့ ရှေ့ဆက်ရမယ့် အမျိုးသားရေးလက္ခာရပ်များ၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ပအိုဝ်းအမျိုးသားတွေ ထဲထဲဝင်ဝင်နဲ့ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး၊ ပအိုဝ်းစာပေ ဘာသာစကားနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ထိန်းသိမ်းမြှင့်တင်ရေး၊ ပအိုဝ်းလူငယ်ကဏ္ဍနဲ့ အမျိုးသမီးကဏ္ဍတွေ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

ဒီကနေ့ ပထမအချက် ပအိုဝ်းသမိုင်းကြောင်းနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ ပအိုဝ်းအမျိုးသားတွေဟာ သီးခြားလူမျိုးစုဖြစ်တဲ့အကြောင်း သဘောတူကြတယ်လို့ ဦးခွန်သန်းဝေက ပြောပါတယ်။

“ပအိုဝ်းသမိုင်းကြောင်းနဲ့ပတ်သက်လို့ ယေဘုယျအားဖြင့်ကတော့ ပအိုဝ်းသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး တိတိကျကျ သေသေချာချာ ဖြစ်ဖို့အတွက် ကော်မီတီတရပ်ဖွဲ့ဖို့ ဆုံးဖြတ်ထားပါတယ်။ နောက်ပြီး ဒီပအိုဝ်းလူမျိုးတွေဟာ သီးခြားလူမျိုးဖြစ်တယ်ဆိုတဲ့အကြောင်း ရှမ်းအောက်မှာလည်း မဟုတ်ဘူး။ တခြားဘယ်တိုင်းရင်းသားရဲ့ မျိုးနွယ်စုမှမဟုတ်ဘူး သီးသန့်လူမျိုးဖြစ်တယ်ဆိုတဲ့ အကြောင်းကို သဘောတူကြတယ်။”

ဒီနှီးနှောဖလှယ်ပွဲကို သထုံမြို့ မြို့တော်ခန်းမမှာကျင်းပပြီး မွန်၊ ကရင်၊ ရှမ်းပြည်နယ်တွေက ပအိုဝ်းအမျိုးသားကိုယ်စားလှယ်တွေအပြင် ပခူတိုင်းဒေသကြီးက ကိုယ်စားလှယ်တွေ စုစုပေါင်း ၄၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

ဒါဟာ ပအိုဝ်းအမျိုးသားတွေရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013