
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို မဖြစ်မနေ အကောင်အထည်ဖော်မယ်လို့ စစ်အာဏာရှင် သမ္မတက သူရဲ့ ကျမ်းကျိန်မိန့်ခွန်းမှာ ကတိပေးပြောသွားခဲ့ပေမဲ့ သူ့သက်တမ်း တလကျော်လေး အတွင်းမှာ နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ DVB က ကောက်ယူ ရရှိထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။
စစ်အာဏာရှင်မင်းအောင်လှိုင်ဟာ ဧပြီ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတအဖြစ် ကျမ်းကျိန်အပြီး သူ့အစိုးရအဖွဲ့ကို မိန့်ခွန်းပြောရာမှာလည်း တနိုင်လုံးအပစ်အခတ်ရပ်စဲရေးကို မဖြစ်မနေလုပ်မယ်လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။
ဒ့ါအပြင် သူ့အစိုးရရဲ့ ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းလုပ်ငန်းစဉ်အပြင် ဒေသဖွံ့ဖြိုးရေး၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးနဲ့ လိုအပ်တာတွေကို လုပ်ဆောင်ပေးမယ်လို့ ဧပြီ ၂၀ ရက်က ကြေညာ ထားပါတယ်။
အဲဒီလိုတွေ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေ ပြောခဲ့ပေမဲ့ လက်တွေ့မှာတော့ သူ့သက်တမ်း တလကျော် အချိန်ဖြစ်တဲ့ မေ ၁၄ ရက်အထိ နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော် လုပ်ထားပြီး အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၁၉ ယောက် သေဆုံးခဲ့ကာ ၂၂၉ ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရ ပါတယ်။
စစ်ကိုင်းတိုင်းကို လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ် ပြုလုပ်ခဲ့လို့ ပြည်သူ ၃၃ ယောက်သေဆုံးခဲ့ကာ ၇၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အရာတော်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေကို ဂျက်တိုက် လေယာဉ်၊ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာအပြင် အသေခံ ဒရုန်းတွေနဲ့ပါ လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ခဲ့တယ်လို့ အရာတော်မြို့နယ်က တော်လှန်ရေး ရဲဘော်တယောက်က ပြောပြပါတယ်။
“တိုက်ခိုက်ခံရတာကတော့ သလဲဘာတို့ ပျူရွာအနီးဝန်းကျင်တွေ၊ အဓိကက သလဲဘာတို့ ကဲဘာတို့ အနီးဝန်းကျင်တွေပေါ့။ အရာတော် အရှေ့တောင်ခြမ်းမှာအဲ့မှာက ပျူရွာ ၃ ရွာရှိတယ်၊ သလဲဘာရယ်၊ ကဲဘာရယ်၊ စပါးတွင်းရယ်၊ စဉ့်ကူးကြီးကတော့ ပျူရွာမဟုတ်ဘူး အဲ့ရွာတွေကို ကြဲတာပေါ့နော်။ ပြည်သူတွေတော့ ထုတ်ပြီးသား ကျနော်တို့က။ အဲ့ဘက်ခြမ်းတွေကို လေကြောင်း တော်တော်လုပ်တယ်။”
ချင်းပြည်နယ်ကိုတော့ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၆ ယောက် သေဆုံးခဲ့ကာ ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မေ ၁၁ ရက် ညကနေ ၁၂ ရက် မနက်ပိုင်းအထိ မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် စစ်သုံ့ပန်းအပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပါတယ်။
ဒီအခြေအနေတွေဟာ စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ သူပြောထားတဲ့ ရက် ၁၀၀ စီမံကိန်းကို လက်နက်ကိုင်ပြီး မရမက အကောင်အထည်ဖော်နေပုံရတယ်လို့ ချင်းပြည်နယ်က ကာကွယ်ရေး တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။
“ဒီရက်ပိုင်းမှာတော့ တောင်ပိုင်းဘက်မှာ ကျနော်တို့ကို လေယာဉ်နဲ့ကြဲတာများတယ်။ အခြေအနေ ကတော့ ဒီကောင်တွေ သူတို့ဘက်ကအကျများလို့ အထိနာရင်တော့ လေယာဉ်ဝဲတာပဲ။ လက်နက်ကိုင်ပြီးတော့ တဖက်မှာ ငြိမ်းချမ်းရေးစကားပြောနေတာတွေက ငြိမ်းချမ်းရေး ဆိုတာ ထက် အာဏာရှင်ရဲ့ ပုံစံအတိုင်း စီမံချက်ထဲရောက်အောင်ဆွဲခေါ်တဲ့သဘောပါပဲ။ ဒါက အထက်စီး ကနေ မရမက ငြိမ်းချမ်းရေး လုပ်ခိုင်းတဲ့သဘောပေါ့နော်။”
ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို လုပ်ဆောင်ပေးမယ်ဆိုတဲ့ စစ်အာဏာရှင်သမ္မတရဲ့ သက်တမ်း တလကျော်အတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၁၀ ကျောင်း၊ ဆေးရုံဆေးခန်း ၁၁ ခုနဲ့ ဘုန်းကြီးကျောင်းလို ဘာသာရေးအဆောက်အအုံ ၄ ခု ပျက်စီးခဲ့တယ်လို့ DVB က ကောက်ယူထားတဲ့စာရင်းဇယားတွေအရ သိရပါတယ်။
စစ်အာဏာရှင်ဟာ သူ့ရဲ့ အသွင်းကူပြောင်းရေးကာလထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေသလို တဖက်မှာလည်း ကျေးရွာထဲကို စစ်ကြောင်းထိုးတာ ပြည်သူ့နေအိမ်တွေကို မီးရှို့ ဖျက်စီးတာတွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြ ပါတယ်။
သီရိ










