DVB Logo
Home
မြန်မာသတင်း
အမှုမှန်ဖော်ထုတ်ရေးကြိုးပမ်းသူ ဦးဘရန်ရှောင် အမှုရှုံးနိမ့်
DVB
·
February 16, 2015
အမှုမှန်ဖော်ထုတ်ရေးကြိုးပမ်းသူ ဦးဘရန်ရှောင် အမှုရှုံးနိမ့်
1 / 2
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တရားရုံးက လက်နက်ခဲယမ်းထိမှန်သေဆုံးခဲ့တဲ့ သမီးငယ်အတွက် အမှုမှန်ဖော်ထုတ်ရေးကြိုးပမ်းသူ ဦးဘရန်ရှောင်ကို အသရေဖျက်မှုနဲ့ ဒဏ်ငွေ ကျပ် ၅ သောင်း ချမှတ်ပါတယ်။

[caption id="attachment_81943" align="alignright" width="367"]ဦးဘရန်ရှောင် ဦးဘရန်ရှောင်[/caption]

၂၀၁၂ ခု စက်တင်ဘာလက ကချင်ပြည်နယ် ဖားကန့်မြို့ ဆွတ်ငိုင်ယန်ရွာမှာ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကျောင်းကနေ ပြန်လာတဲ့ ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးခဲ့ပါတယ်။
ဦးဘရန်ရှောင်က သမီးငယ်ဟာ အစိုးရတပ်ရဲ့ ကျည်ဆန်ထိမှန်သေဆုံးတာလို့ လူ့အခွင့်အရေး ကော်မရှင်အပါအ၀င် အရပ်ဘက်၊ စစ်ဘက်အုပ်ချုပ်ရေးပိုင်းကို တင်ပြတိုင်ကြားခဲ့ပါတယ်။

အစိုးရတပ်ဘက်ကတော့ ဒီသေဆုံးမှုဟာ ကေအိုင်အေရဲ့ အဝေးထိန်း မိုင်းဆန်ထိမှန် ပြီး သေဆုံးရတာသာဖြစ်တယ်လို့ ဖားကန့်နယ်မြေအခြေစိုက် စစ်ဗျူဟာက ဗိုလ်မှူး ဇာနည်မင်းထိုက်က တရားလိုပြုပြီး ဦးဘရန်ရှောင်ကို လိမ်လည်တိုင်တန်းတယ်ဆိုပြီး အသရေဖျက်မှုနဲ့ စွဲတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်တရားရုံးမှာ တရားသူကြီး ဦးထွန်းထွန်းဦးက ဖေဖော်ဝါရီလ ၁၃ ရက်မှာ ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။

ဦးဘရန်ရှောင်က “အမှုက ရှုံးသွားတာပေါ့၊ ဒါပေမယ့် တရားရုံးကလည်း သူတို့အနေနဲ့ ခက်ခက်ခဲခဲဆုံးဖြတ်ပြီးမှ စီရင်ရတာလို့ မြင်ပါတယ်။ အကြိမ်ကြိမ် ရုံးထပ်ချိန်းနေမယ့်အစား ခုလိုပြတ်ပြတ်သားသားလုပ်လိုက်တာတော့ ကောင်းပါတယ်။ တရားသူကြီးက သက်သက်ညှာညှာ ဆုံးဖြတ်ပေးတယ်လို့ ထင်ပါတယ်။ ဒဏ်ငွေလည်း အဲဒီနေ့ ဘဲ ပေးဆောင်ခဲ့ပါတယ်။”လို့ ပြောပါတယ်။

ဒီအမှုကို နှစ်နှစ်နီးပါး ရင်ဆိုင်ခဲ့ရာမှာ တရားရုံးကို ၅၅ ကြိမ်လာခဲ့ရတဲ့အကြောင်း၊ အမှုအသုံးစရိတ်ငွေအတွက် ရှိတာတွေ ပေါင်နှံရောင်းချ ရင်ဆိုင်လာတာ သမီးတစ်ဦးတည်း အတွက်မဟုတ်ဘဲ အများအတွက် အကျိုးရှိအောင် ဆောင်ရွက်တာမို့ အချိန်ရောငွေပါ အကုန်ခံခဲ့ တယ်လို့ ဦးဘရန်ရှောင်က ပြောပါတယ်။ အမှုကို အထက်အဆင့်တရားရုံးမှာ အယူခံဝင်မှာဖြစ်ပါ တယ်။

သူ့ရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်က “ပုဒ်မ ၂၁၁ ပထမပိုင်းအရ သူဟာ တစုံတယောက်ကို အသရေညှိုးနွမ်းအောင်၊ သိက္ခာကျအောင်၊ မမှန်မကန်စွပ်စွဲတယ်ပေါ့နော်၊ အပြစ်ရှိတယ်ပေါ့။ တရားသူကြီးအနေနဲ့ ဒီလို ဆုံးဖြတ်ပေးဖို့ အများကြီးစဉ်းစားရတယ်လို့ ကျမတို့မြင်ပါတယ်။ ကျမတို့ဘက်ကလည်း ကိုယ့်ဘက်က အပြစ်မရှိဘူးဆိုတဲ့ အတွက်ကြောင့်မို့လို့ ဥပဒေကပေးတဲ့ အခွင့်အရေးအရ အယူခံပြန် ၀င်ဖို့ ရှေ့ကို ဆက် သွားမှာပါ”လို့ ပြောပါတယ်။

ဒီတိုက်ပွဲမှာ မဂျာဆိုင်းအိန်သာမကပဲ မှော်ဝမ်းမှ မဆိုင်းလုပန် (အသက် ၁၇ နှစ်)၊ ဂလောင်းခေါဘောမ် (ခ) ယာကု (အသက် ၃၆ နှစ်)၊ ကိုကျော်ထိန်လင်း (အသက်၂၇ နှစ်)၊ ခေါဆောင် (အသက် ၃၅ နှစ်)၊ ဆွတ်ငိုင်ရန်မှ ကိုစိုးမိုး (အသက် ၄၄ နှစ်)၊ မှော်ဝမ်းစစ်ပြေး ဒုက္ခသည် မလုဘူခွန်ဆိုင်း (အသက် ၃၁ နှစ်)၊ မလုဘူဂျာလုအွန် (အသက်ရှစ်နှစ်) တို့လည်း ထိခိုက်ဒဏ်ရာအသီးသီးရခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ်က စတင်ခဲ့တဲ့ ဒီအမှုမှာ တရားလို ဗိုလ်မှူးယဉ်မင်းပိုက်ကို ရုံးတော်က အကြိမ်ကြိမ် ဆင့်ခေါ်ပေမယ့် မလာရောက်လို့ အမှုကြန့်ကြာခဲ့ရသလို ဒီနှစ် ဇန်န၀ါရီ ၁၂ ရက်နေ့ အကြိမ် ၅၀ မြောက် ရုံးချိန်းမှာတော့ လာရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013