DVB Logo
Home
Lead Story
ပဲခူး-ရန်ကုန်အစပ် မီးနင်းချောင်းမှာ သပိတ်တားကြလိမ့်မယ် - သာယာဝတီမြို့ခံ
DVB
·
February 16, 2015
ပဲခူး-ရန်ကုန်အစပ် မီးနင်းချောင်းမှာ သပိတ်တားကြလိမ့်မယ် - သာယာဝတီမြို့ခံ
1 / 6
Donate to DVB

အမျိုးသားပညာရေးသပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်မြို့ကို ဦးတည်ချီတက်နေကြသလို အုပ်ချုပ်ရေးပိုင်းက ဒီသပိတ်စစ်ကြောင်းတွေ ရန်ကုန်ဧရိယာကို မ၀င်နိုင်အောင် တားမြစ်မယ်လို့ ထုတ်ပြန်ထားတဲ့အတိုင်း ရန်ကုန်နဲ့ ပဲခူးတိုင်း အစပ်မှာ ရဲတပ်ဖွဲ့တွေ ခင်းကျင်းထားပါတယ်။

မန္တလေးကနေ ရန်ကုန်ကို ချီတက်နေကြတဲ့ကျောင်းသားသပိတ်စစ်ကြောင်းဟာ ဒီမနက် အုတ်ဖိုမြို့ကနေ မင်းလှမြို့ကို ဆက်လက်ချီတက်နေကြပြီး မင်းလှမှာ ညအိပ်ဖို့ ပြင်ဆင်နေပါတယ်။

ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ချက်ပါဝင်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာရ်)နဲ့ ကျောင်သားကိုယ်စားလှယ်တွေ ဖေဖော်ဝါရီ (၁၄-၁၅) နှစ်ရက်တာ ဆွေးနွေး ပွဲမှာ ညှိနှိုင်းသဘောတူခဲ့ကြပါတယ်။

ဒီမူကြမ်းကို ဒီကနေ့ တနင်္လာနေ့ လွှတ်တော်မှာ အရေးကြီး အဆိုအဖြစ် တင်သွင်းနိုင်မယ်လို့ ထင်ကြေးပေးထားကြပေမယ့် ဒီကနေ့ ညနေစောင်းတဲ့အထိတော့ မတင်သေးပါဘူး။

ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းတွေနဲ့ပတ်သက်လို့ ရပ်တန့်ဖို့ တိုက်တွန်းနေသူ တွေရှိသလို ဆက်လက်ချီတက်ဖို့ တွန်းအားပေးနေသူတွေလည်းရှိပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ သပိတ် စစ်ကြောင်းအကြား သွေးထွက်သံယိုမဖြစ်စေဘဲ အေးအေးချမ်းချမ်း အဖြေထုတ်ကျော်လွှားဖို့ တရားဝင် ကမ်းလှမ်းဆွေးနွေးမှုတွေတော့ မကြားသိရသေးပါဘူး။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ချီတက်နေတဲ့ ပင်မသပိတ် စစ်ကြောင်းကို လိုက်လံဝန်းရံနေတဲ့ သာယာဝတီမြို့ခံတဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

သာယာဝတီဘက်မှာ (လုံခြုံရေးတပ်ဖွဲ့တွေ)တော်တော် ပြင်ထားတယ်လို့ သိရပါတယ်။ မြို့ အခြေအနေကို ပြောပြပါ။

“ဟုတ်တယ်။ သာယာဝတီဘက်ခြမ်းထက်စာရင် ရန်ကုန်ဘက်ခြမ်းကို တော်တော်ပြင်ထားတာပေါ့။ ဒါပေမယ့် နယ်စပ်စည်းမျဉ်းက သာယာဝတီနဲ့ အနီးဆုံးဖြစ်နေတော့ သာယာဝတီမှာ ပြင်ထားတယ်ဆိုတာဖြစ်တာ။ သူတို့က ဟိုဘက်မှာ (ရန်ကုန်ဘက်ခြမ်း)မှာ ရဲ ချထားတယ်။ တပ် ချထားတယ်။ သာယာဝတီမှာလည်း လုံထိန်းကနေပြီး ကား ၁၂ စီးလောက်နဲ့ စောင့်နေတယ်ပေါ့။”

အခုဟာ လုံထိန်းသက်သက်ပဲလား။ အရပ်ဝတ်တွေပါကြလား။ သဲသဲကွဲကွဲ ပြောပြပါလား။

“အရပ်ဝတ်တွေကိုကတော့ သူတို့က အုတ်ကန်(မြို့)မှာ တရွာကို လူ ၃၀ ဆင့်ထားတယ်လို့ သတင်းရပါတယ်။ သာယာဝတီမှာလည်း သူတို့ အရပ်ဝတ်နဲ့ သူတို့ တားမယ်ဆိုပြီးတော့။ ပထမ သူတို့က မြို့မိမြို့ဖတွေကို ခေါ်ပါတယ်။ ခေါ်ပြီးတော့မှ သူတို့ အရင်ဆုံး စစ်ကြောင်းကို ဘလော့ခ် (တား) ဖို့ ဆိုပြီးတော့ ဆရာကြီးများ (ကျောင်းဆရာကြီးများ) အဖွဲ့ဖွဲ့ခိုင်းပါတယ်။ ၂၁ ယောက်နဲ့ဖွဲ့တယ်။ ဖွဲ့ပြီးတော့မှ အဲဒီလူတွေက မေတ္တာရပ်ခံပြီး မရဘူးဆိုလို့ရှိရင် နောက်ဘက်က လူအုပ်ကနေပြီးတော့ လက်ချင်းချိတ်ပြီးတော့ တားမယ်လို့ ပြောပါတယ်။ အဲဒီဥစ္စာကို ဖောက်ထွက်သွားလို့ရှိရင် ရဲကနေ လက်ချင်းချိတ်ပြီးတားမယ်လို့ ပြောပါတယ်။ နောက်ပြီးလို့ရှိရင် မရဘူးဆိုလို့ရှိရင်တော့ တိုင်းဒေသကြီးဝန်ကြီးအဖွဲ့ကနေပြီးတော့ စကားပြောမယ်လို့ ပြောတယ်။ မရရင်တော့ သူတို့က စစ်တပ်လက်ကိုအပ်မယ် ဆိုတဲ့အစီအစဉ် ၅ ရပ်ကို ဆွဲထားတယ်လို့ပြောပါတယ်။

နောက်ပိုင်းမှာ ဆရာကြီးတွေက လူအုပ်နဲ့တားမှာ စသဖြင့် လက်မခံဘူး။ သူတို့က ကြိုဆိုရေးအပိုင်းကိုပဲ ခေါင်းစဉ်ပြောင်းသွားတယ်ဗျ။ ကျောင်းအုပ်ဆရာကြီးတွေနဲ့ စာရေးဆရာ သမဂ္ဂတွေနဲ့ အားလုံးကို သူတို့က ၂၁ ယောက်ဖွဲ့ပြီးလုပ်တော့ ပထမ အစီအစဉ် ၅ ရပ်မှာ အစီအစဉ် ၄ ရပ်နဲ့ သူတို့က ပူးပေါင်းမလုပ်ဆောင်နိုင်ပါဘူးဆိုပြီးတော့ သီးခြားလုပ်ပြီးတော့မှ ကျောင်းသားတွေကို ကြိုဆိုပြီးတော့ မေတ္တာရပ်ခံပြီးတော့ နေရာပေးဖို့ ခေါင်းစဉ်တခုအနေနဲ့သူတို့ စဉ်းစားပြီး ဆွေးနွေးနေကြတယ်”

နောက်ပြီးတော့ သာယာဝတီမှာလည်း ဘုန်းကြီးကျောင်းတွေက နည်းနည်း ဖိအားပေးခံရတယ်လို့ ထင်ပါတယ်။ ကျနော်တို့ သွားလျှောက်တော့ ဘုန်းကြီးတွေက ကျနော်တို့ပုံမှန် လုပ်နေတဲ့ဟာတွေကို လက်မခံရဘူးဖြစ်နေတယ်။ အခုတော့ ကျနော်တို့ တနေရာတော့ ရထားပါပြီ။ အဲဒီဟာကို မှ ဖိအားပေးမယ်ဆိုရင်တော့ ကျနော်တို့က သာယာဝတီမြို့မှာ လမ်းပေါ်မှာပဲ စစ်ကြောင်းကို သပိတ်စခန်းဖွင့်လိုက်မယ်လို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်။”

အစိုးရက ရန်ကုန်တွင်းကို အ၀င်မခံဘူးလို့ ထုတ်ပြန်ထားတယ်။ အခု ပဲခူးနယ်စပ်မြို့အထိ လာပိတ်တယ်ဆိုတဲ့သဘောလား။

“အဓိကက ရန်ကုန်တိုင်းအတွင်းကို ပြောတဲ့အတွက် ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအစပ်က သာယာဝတီဖြစ်နေတာ။ အဲဒီမှာ မီးနင်းချောင်းဆိုတဲ့ ချောင်းလေးရှိတယ်။ အဲဒီချောင်းမှာ သူတို့က လာပြီးတော့ ပဲခူးတိုင်းဘက်ခြမ်းမှာ ပိတ်တာမဟုတ်ဘဲနဲ့ မှတ်တိုင်ကနေပြီးတော့ ရန်ကုန်ဘက်ခြမ်းကနေ ပိတ်ထားတာပါ။”

သာယာဝတီဘက် ပဲခူးဘက်က ပြင်ဆင်မှုတွေကတော့ ပဲခူးတိုင်းဘက်ကနေ ကြိုကာတဲ့ သဘောလား။

“ဟုတ်မယ်ထင်တယ်ဗျ။ အစိုးရဘက်က လုပ်တဲ့အတွက် ကျနော်တို့ကတော့ မသိပါဘူး။ ကျနော်တို့ကတော့ ဒီစစ်ကြောင်း (မန္တလေး-ရန်ကုန် ပင်မစစ်ကြောင်း) ရဲ့ သဘောထားနဲ့ စစ်ကြောင်း ဘေးမသီ ရန်မခဖြစ်အောင်ပဲ ကျနော်တို့မြို့ကတော့ ၀န်းရံမှာပါ။”

လုံခြုံရေးအင်အားတွေက ဒီမနက်ပိုင်းထိ ဘယ်လိုရှိနေလဲ။

“လုံခြုံရေးအင်အားက သာယာဝတီဘက်ခြမ်းမှာကတော့ပေါ့နော် ကားက လုံခြုံရေးအင်အား ၄ စီး၊ ၅ စီးလောက်။ အင်အား ၁၆၀ လောက်လို့ ပြောပါတယ်။ နောက် မီးသတ်ကားက ၄ စီးရှိပါတယ်။ ရေသယ်တဲ့ ဘောက်ဇာက ၂ စီးရှိပါတယ်။ အဲဒီအပြင်ကိုမှ မြို့ထဲမှာ သတင်းကြားရတာ အရန်မီးသတ်တွေကို ခေါ်ပြီးတော့ ရဲယူနီဖောင်းလဲပေးတဲ့အတွက် မြို့ထဲက အရန်မီးသတ် တပ်ဖွဲ့တွေက ဒါမျိုးတွေ မလုပ်နိုင်ဘူးဆိုပြီး ပြန်လာတဲ့သူတွေ ရှိတယ်လို့ ပြောပါတယ်။”

ကျောင်းသားသပိတ်စစ်ကြောင်းတွေက သာယာဝတီကို ဘယ်အချိန်လောက်ရောက်နိုင်လဲ။

“ကျနော်တို့ သာယာဝတီကို ၁၈ ရက်နေ့ မနက် လက်ပံတန်းကနေ စထွက်ပါမယ်။ သာယာဝတီနယ်ထဲကို ၁၈ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ သာယာဝတီကို စ၀င်ပါ့မယ်။ သာယာဝတီမှာ ညအိပ်ပါ့မယ်။ ၁၉ ရက်နေ့ မနက်မှာ ကျနော်တို့ ရန်ကုန်တိုင်းဧရိယာကို ၀င်မှာကတော့ ၁၉ ရက်နေ့ ၁ နာရီလောက်မှာ စဖြတ်ပါမယ်။ ဒီညကို မင်းလှမြို့မှာ အိပ်မှာပါ။ နက်ဖြန်ကို လက်ပံတန်းမှာ အိပ်မှာပါ။ သန်ဘက်ခါကို သာယာဝတီမှာအိပ်မှာပါ။”

ကျောင်းသားသပိတ်စစ်ကြောင်းတွေကို မြို့ခံလူထုက ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ခံမှု ဘယ်လိုရှိသလဲ။

“ဒေသခံတွေက သာယာဝတီခရိုင်အနေနဲ့ပြောမယ်ဆိုရင်တော့ သွေးမြေကျမယ့်အလုပ်မျိုးကို ဘယ်လိုမှ လက်မခံပါဘူး။ ဖြစ်နိုင်ရင်တော့ စေ့စပ်ညှိနှိုင်းဖို့တော့ ကြိုးစားကြပါလို့ မေတ္တာရပ်ခံပါတယ်။ အခုဟာ မေတ္တာရပ်ခံတာက တဖက်သတ်ဖြစ်နေတယ်လို့ ပြည်သူလူထု တော်တော်များများက မြင်နေပါတယ်။ ကျောင်းသားတွေကို ဆက်လက်မချီတက်ဖို့ မေတ္တာရပ်ခံနေပါတယ်။ အစိုးရကို မေတ္တာရပ်ခံတဲ့ လက္ခဏာမတွေ့ရဘူးလို့ ဖြစ်နေတဲ့အတွက် ဒီမေတ္တာရပ်ခံတဲ့လူတွေအပေါ်မှာလည်း တဖက်သတ်ဆန်နေသလားလို့ ပြည်သူလူထုက မြင်နေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ သိမ်သိမ်မွေ့မွေ့နဲ့ဖြစ်နိုင်အောင်တော့ သူတို့ကျိုးစားပါတယ်။ သာယာဝတီမြို့လူထုအနေနဲ့ကတော့ လိုအပ်လိုလာလို့ ဆုံးဖြတ်ချက်တွေ အမြန်ဆုံးချပေးမယ်။ သပိတ်စစ်ကြောင်းက ရပ်တန့်ပြီးတော့ စောင့်ဆိုင်းမယ်ဆိုလို့ရှိရင်တော့ မြို့ကနေလည်း စောင့်ဆိုင်းတဲ့ Time Frame ကန့်သတ်ချိန် တခုအတွင်း အားလုံးကို အကူအညီပေးမယ်လို့ ခဏကတော့ မြို့မိမြို့ဖတွေရော၊ ပြည်သူလူထုတွေရော လာပြောပါတယ်။”

[gallery ids="81952,81953,81954,81955,81956"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013