
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စောင်တန်းကျေးရွာအနီးက ဇင်ကြီးကုန်းတောတဲတွေကို စစ်အာဏာရှင်တပ်က ဧပြီ ၂၁ ရက်မှာ လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးကာ အမျိုးသား ၂ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ည ၁၁ နာရီ မိနစ် ၄၀ လောက်က တံတားဦးနဲ့ နေပြည်တော် လေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၄ စင်းက ဇင်ကြီးကုန်းတောတဲတွေကို ဗုံး ၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်လို့ တဲအိမ်ပေါ်နဲ့ ဆိတ်ခြံထဲကို ဗုံးတွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ဗုံးဒဏ်ကြောင့် မိသားစု ၃ ယောက် ဗုံးစထိမှန်ကာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတယောက် ဒဏ်ရာရတဲ့အပြင် မီးလောင်မှုကြောင့်ပါ သေဆုံးခဲ့ရပြီး အသက် ၅၀ ခန့်အရွယ် ယောကျ်ာ်ဖြစ်သူနဲ့ အသက် ၂၅ နှစ်အရွယ် သားဖြစ်သူတို့ ဗုံးစထိမှန် ဒဏ်ရာရသွားပါတယ်။
ဒါ့အပြင် နွား ၁၀ ကောင်၊ ဆိတ် ၂၅ ကောင် သေဆုံးပြီး ကျွဲကိုင်းထွန်စက် ၂ စီး၊ နေအိမ် ၅ လုံး ပျက်စီးခဲ့ကာ ဆိတ်ခြံတခြံ၊ နေအိမ်တလုံး၊ ဆိုင်ကယ်တစီးတို့ မီးလောင် ပျက်စီးသွားပါတယ်။
ဒေသခံတယောက်က “ဗုံးက သူတို့ခြံထဲ ၂ လုံးကျတယ်။ တလုံးက ဆိတ်ခြံထဲကျတာ၊ ဆိတ်ခြံကတော့ အလုံးလိုက် ပျောက်သွားတယ်။ ဆိတ် ၂၅ ကောင်လုံး သေတာ၊ ကောက်မရတဲ့ ဆိတ်တွေလည်း အများကြီးပဲ။ တလုံးက အိမ်နောက်ခန်းကျတာ၊ ကျကျချင်း မီးတန်းလောင်တာ။ ၃ ယောက်စလုံး ဗုံးမှန်ဒဏ်ရာတွေနဲ့ ထွက်ပြေးကြတာ၊ သူ့ယောကျ်ားနဲ့ သူ့သားကလည်း သူ့အမေ ပါလာတယ်ထင်တာ၊ အနီးနားလိုက်ရှာတော့ မတွေ့ဘူး။ မီးငြိမ်းမှ အိမ်ထဲမှာ မီးလောင်ပြီး သေနေတာကို တွေ့တာ။ သူ့ယောကျ်ားနဲ့ သူ့သားကတော့ မစိုးရိမ်ရဘူး၊ ဘာမှလည်း မလုပ်ဘဲနဲ့ အကြောင်းမဲ့သက်သက် ချသွားတာ” လို့ ပြောပါတယ်။
ဧပြီ ၁၅ ရက် နေ့လယ်ကလည်း ရွှေဘိုမြို့တောင်ဘက်ရှိ မြို့အဝင် စစ်တပ် စစ်ဆေးရေး အထိုင်ဂိတ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သစ်ကြီးတောကျေးရွာက အသက် ၆၀ အရွယ် ဦးပဥ္စင်း တပါးနဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ကပ္ပိယတယောက် တို့ ဗုံးစထိမှန်ဒဏ်ရာ ရခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်လည်း ပျက်စီးသွားပါတယ်။
စစ်တပ်က သင်္ကြန်မတိုင်မီ ဧပြီ ၃ ရက်မှ ၂၁ ရက်အထိ ရွှေဘိုမြို့နယ် ကျေးရွာတွေကို လေကြောင်းကနေ လေယာဥ်၊ ဒရုန်းတို့နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တာတွေကို နေ့စဥ်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဧပြီ ၃ ရက်မှ ၂၁ ရက်အထိ ၁၉ ရက်အတွင်း သံဃာ ၃ ပါး၊ အသက် ၄၅ နှစ်အရွယ် အမျိုးသားတယောက်၊ အမျိုးသမီးတယောက်၊ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ယောက်၊ နွား ၁၅ ကောင်၊ ဆိတ် ၂၅ ကောင်တို့ သေဆုံးခဲ့ပြီး ကလေး ၃ ယောက် အပါအဝင် အမျိုးသား၊ အမျိုးသမီး ၄၇ ယောက်၊ သံဃာတပါးတို့ ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် သစ်သားရောင်းဆိုင်တဆိုင်နဲ့ နေအိမ် ၆ လုံး မီးလောင်ပျက်စီးပြီး ဘုရားစေတီ ၃ ဆူ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်းတကျောင်း၊ ထွန်စက် ၂ လုံး၊ ဆိတ်ခြံတခြံ၊ နေအိမ်တချို့နဲ့ စစ်ရှောင်တဲတွေ ပျက်စီးခဲ့ပါတယ်။










