DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်ဂိုဏ်းများက ငွေကျပ် ၅၀,၀၀၀ ပေးပြီး Kpay အကောင့်လိုက်ဝယ်
သီရိ
·
April 9, 2026
ကျားဖြန့်ဂိုဏ်းများက ငွေကျပ် ၅၀,၀၀၀ ပေးပြီး Kpay အကောင့်လိုက်ဝယ်
Donate to DVB

စစ်ကိုင်းတိုင်း မြို့နယ်တချို့မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်သူတွေက ပြည်သူတွေကို မှတ်ပုံတင်ကတ်ရှိရင် ငွေကျပ် ၅၀,၀၀၀ ပေးမယ်ဆိုပြီး Kpay အကောင့်တွေ ဖွင့်ခိုင်းကာ လိုက်ဝယ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ဘေးရှောင်တွေ အများဆုံးရှိတဲ့ မုံရွာ၊ ချောင်းဦး၊ ဘုတလင်နဲ့ အရာတော်မြို့နယ်တွေအပြင် အညာဒေသက တခြားမြို့နယ်တွေမှာပါ မှတ်ပုံတင်ကတ်ရှိရင် ကုမ္ပဏီကနေ ငွေ ၅၀,၀၀၀ ထုတ်ပေးတယ်ဆိုပြီး Kpay အကောင့်တွေ လိုက်ဖွင့်ခိုင်းနေတာပါ။

ဖွင့်ပြီးသွားတဲ့အကောင့်တွေကိုတော့ အွန်လိုင်းက အမည်မသိလူတွေက ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချောင်းဦးမြို့နယ်က ကျေးရွာတွေမှာဆိုရင် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက မှတ်ပုံတင်ရှိသူတွေကို ငွေပေးပြီး Kpay အကောင့်တွေ ဖွင့်နေတာလို့ ဆိုပါတယ်။

ဧပြီလဆန်းပိုင်းမှာတင် ချောင်းဦးမြို့နယ်က ကျေးရွာတွေမှာ ငွေ ၅၀,၀၀၀ ယူပြီး Kpay အကောင့် ဖွင့်ခံလိုက်ရတဲ့ ပြည်သူ ၂၀၀ ယောက်ဝန်းကျင် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

ငွေ ၅၀,၀၀၀ ဆိုတာ ဒီကာလမှာ မနည်းလှတဲ့ ပမာဏဖြစ်လို့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မစဉ်းစားနိုင်ဘဲ မှတ်ပုံတင်ပေးပြီး ငွေထုတ်ခဲ့မိတယ်လို့  Kpay အကောင့်ဖွင့်ခဲ့သူ တယောက်က ပြောပြပါတယ်။

“အဲ ရောက်သွားပြီးတော့ ကျနော်တို့လည်း မှတ်ပုံတင်ပေး၊ အဲလိုထုတ်တာပေါ့။ ကျနော်ကတော့ မေးတော့မေးတယ်။ ဒါပေမဲ့ ဒီဟာက ကုမ္ပဏီက ဘယ်လိုဟာ ထုတ်တာလဲဆိုတော့ ကုမ္ပဏီက ထုတ်တာလို့ အဲဒီလို ပြောတယ်ဗျ။ ဪ ကျနော်တို့လည်း အခုလိုရက်တွေက ငွေက အခက်အခဲလည်း တွေ့နေတော့ အဲဒီလိုပေါ့ဗျာ၊ ပေးတယ်ဆိုတော့ ပျော်ပြီး ဝမ်းသာ‌တော့ သွားထုတ်ကြတာပေါ့။ ချောင်းမရွာကျတော့ သူက အိမ် ၂၀၀ လောက် ရှိတယ်လေ၊ သူက ၁၅၀ လောက်တော့ ထုတ်ရင် ထုတ်မှာပေါ့၊ မထုတ်တဲ့လူတော့ ၅၀ လောက်ပဲ ရှိနိုင်မယ်။ ၅၀,၀၀၀ ဆိုတော့ လူ ၅ ယောက်ရှိရင် ၂ သိန်းခွဲရတာကို။ လူများနဲ့တိုင်တော့ သူက တွက်ပြီးထုတ်တာနေမှာပေါ့။ အသက်ကြီးပိုင်းတွေက များတာပါ၊ လူငယ်ပိုင်းက နည်းပါတယ်။ အသက်ကြီးပိုင်းကတော့ ကဲ သူတို့လည်း မထူးတွန်းတွန်းကြတာပေါ့ဗျာ။”

အခုလို Kpay အကောင့်ဖွင့်တဲ့ လုပ်ငန်းစဉ်ကို စလော့ဂိမ်းဆော့ရာကနေ ကျားဖြန့်လုပ်ကိုင်သူတွေနဲ့ တယ်လီဂရမ်မှာ အချိတ်အဆက်မိတဲ့သူတွေက ပတ်ဝန်းကျင်ကလူတွေဆီကနေ kpay အကောင့် ပြန်ဝယ်ပေးနေကြတာပါ။

အဲဒီလိုဝယ်ပေးတဲ့အတွက် ရာခိုင်နှုန်းတ ခုရသလို ရပ်ရွာအုပ်ချုပ်ရေးမှူးတချို့ကိုလည်း ရာခိုင်နှုန်းတခု ပေးရတယ်လို့ သိရပါတယ်။

Kpay အကောင့်တခုကို ကျပ်တသိန်းနဲ့ ကျားဖြန့်လုပ်ငန်းတွေက တယ်လီဂရမ်ကနေတဆင့် ဝယ်ယူကြပါတယ်။

အဲဒီလို ရောင်းရတဲ့အထဲကနေ မှတ်ပုံတင်ပိုင်ရှင်ကို ၅၀,၀၀၀ ပေးပြီး၊ ကျန်တဲ့ငွေကို အကောင့်ဖွင့်ပေးသူက ၂၀,၀၀၀ ယူကာ၊ လူချိတ်ပေးသူ လူစုပေးသူတွေကို ဝေစုခွဲပေးရတယ်လို့ အကောင့်လိုက်ဖွင့်ပေးနေသူ တယောက်က ပြောပြပါတယ်။

“အဲဒီလိုမျိုးပဲ ဖောက်ပေး၊ ညနေပြန်ပါညာဆို ဒီတိုင်း ငွေရှင်းပေးပါ၊ အဲဒါမျိုးပဲ။ ငွေကကျတော့ အဲဒီကနေ လွှဲပေးတာဗျ။ ကျနော် လုပ်တာက ညောင်ပင်။ ကျတော်ကကျတော့ ခေါ်တဲ့ဆီ လိုက်တာဗျ၊ ဒါပဲ။ ကျနော်က အငှားပုံစံမျိုးနဲ့ လိုက်ဖွင့်ပေးတာ။ အဲဒီလိုမျိုးကြီး ပို့မပေးထားဘူးဗျ၊ ပြီးမှသာ သူတို့က တန်းရှင်းတာဗျ၊ တကောင့်ဆို တကောင့်စာ ပြန်ရှင်းတာဗျ။ MPT ဗျ၊ MPT နဲ့ Mytel သုံးတာ။ Mytel ကကျတော့ လိုင်းမကောင်းတဲ့ နေရာကျတော့ Mytel သုံးတယ်။ အရင်တုန်းက ကျနော်ကကျတော့ အဖေလည်း လုပ်တယ်၊ အမေလည်း လုပ်တယ်၊ အဒေါ်လည်း လုပ်တယ်။ အဲ ကျနော်ကကျတော့ အဲဒီလိုမျိုး သူတို့က လုပ်ခိုင်းတဲ့အတွက် ကျနော်က လုပ်တာဗျ။" 

ငွေပေးပြီး ဖွင့်ထားတဲ့ ဒီ Kpay အကောင့်တွေကို မသမာတဲ့ငွေလိမ်လုပ်ငန်းတွေမှာ အသုံးပြုလိုက်ရင် မှတ်ပုံတင်ပိုင်ရှင်အနေနဲ့ ငွေကြေးခဝါချမှုပုဒ်မ ၄၃/၄၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)/ ၅၂(က) တို့နဲ့ တရားစွဲခံရနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

အဲဒီလို တရားစွဲခံထားရရင် မှတ်ပုံတင်ပိုင်ရှင်တွေ ခရီးထွက်တဲ့အခါ အာဏာသိမ်းစစ်တပ်ရဲ့ ဂိတ်တွေမှာ PSMS စနစ်နဲ့ စစ်ဆေးခံရပြီး ဖမ်းဆီးခံရနိုင်ပါတယ်။

ဒါကြောင့် ဒေသတွင်းအုပ်ချုပ်ရေး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သပိတ်အင်အားစုတွေက ပြည်သူတွေကို ထိထိရောက်ရောက် အသိပညာပေးသင့်သလို၊ Kpay အကောင့် လိုက်ဖွင့်ပေးနေသူတွေကိုလည်း စစ်ဆေး အရေးယူသင့်တယ်လို့ တာဝန်ရှိသူတွေက အကြံပြုကြပါတယ်။

ချောင်းဦးမြို့နယ်မှာတော့ ပြည်သူတွေ ဒီလိုထပ်မခံရအောင် အသိပေးတာနဲ့ အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူ တယောက်က ပြောပါတယ်။ 

ချောင်းဦးမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူက “ဒီ Kpay  ပြန်ဖွင့်ပြီးတော့ ငွေပြန်ပေးပြီးတော့ လုပ်နေတဲ့ လူတွေကလည်း ဒီ ရပ်ရွာထဲကပဲ။ ဒီအွန်လိုင်း သဘောတရားနဲ့ နီးစပ်တဲ့ လူတွေပဲ ဆိုတော့ သူတို့ကိုလည်း ခေါ်ယူပြီးတော့ သတိပေးဆုံးမတယ်။ မြို့နယ်ထဲမှာရှိတဲ့ ပြီးရင် လူထုဟောပြောပွဲ လုပ်နေတဲ့ အစုအဖွဲ့တွေနဲ့ ပညာပေးတွေ လုပ်ဖို့ စီစဉ်နေပါတယ်။ ခြုံငုံပြီး ပြောချင်တာကတော့ ဒီ ၅ နှစ်တာ အတောအတွင်းမှာ အညာလူထုက စစ်တပ်ရဲ့ ဖိနှိပ်မှုဒဏ်တွေကို အလုံးအရင်း ခါးစီးခံရတယ်။ အင်တာနက်ဖြတ်တယ်၊ ဖုန်းလိုင်းဖြတ်တယ်၊ ရွာတွေ မီးရှို့တယ်၊ လူတွေ ဖမ်းဆီးသတ်ဖြတ်တယ်။ ဒီဒဏ်တွေ ခံရတဲ့အခါမှာ ကမ္ဘာကြီးနဲ့ သတင်းအဆက်အသွယ် ပြတ်နေတဲ့ အခြေအနေတခု ရောက်ရှိနေတာပေါ့နော်။ ဒါကြောင့်မို့လို့လည်း ဒီလိုမျိုးလွယ်လွယ်နဲ့ အလိမ်ခံနေရတယ်၊ လိမ်တဲ့နေရာတွေမှာ အသုံးချခံနေရတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ကျားဖြန့်ဂိုဏ်းတွေဟာ အွန်လိုင်းငွေကြေးကွန်ရက်ဖြစ်တဲ့ Kpay ကို အများဆုံး အသုံးပြုပြီး လိမ်လည်နေသလို၊ အာဏာသိမ်းစစ်တပ် ဂိတ်တွေမှာ PSMS စနစ်နဲ့ စစ်ဆေးခံရပြီး ဖမ်းဆီးခံနေရသူတွေဟာလည်း နေ့တိုင်းနီးပါး ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013