
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ကို ရေဘေးရှောင်လာတဲ့ ရခိုင်တိုင်းရင်းသား ၄ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၁၄ ရက် ည ၈ နာရီခန့်က လေးမျက်နှာမြို့နယ်၊ စစ်တပ်အင်အား ၁၅ ယောက်လောက်က အောင်ဇံကွင်းနဲ့ ဇီးပင်ကွင်းကျေးရွာမှာ ရောက်နေတဲ့ ရခိုင်တိုင်းရင်းသား ရေဘေးရှောင် ၄ ယောက်ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “အဖမ်းခံရတဲ့သူတွေက ရခိုင်တိုင်းရင်းသားတွေပါ။ ရေကြီးရေလျှံမှု ဖြစ်နေလို့ ရေဘေးရှောင်လာသူတွေ။ စစ်ကောင်စီတပ်က ရွာထဲကို ဝင်လာပြီး ဖမ်းခဲ့တာ။ AA တပ်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ရခိုင်တိုင်းရင်းသား ရေဘေးရှောင် ၄ ယောက်ဟာ ဦးဇော်ဝင်း၊ ဒေါ်အေးအောင်၊ ဒေါ်ကြူနဲ့ နောက် အမျိုးသားလူငယ်တယောက်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။
အဖမ်းခံရတဲ့ ရေဘေးရှောင်တွေဟာ ဇူလိုင် ၁၂ ရက်က ရခိုင်ပြည်နယ်ကနေ လေးမျက်နှာမြို့နယ်ကို ရောက်လာတာဖြစ်ပြီး ဇူလိုင် ၁၄ ရက် ညပိုင်းမှာ အဖမ်းခံရပြီးနောက် ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းအထိ အဆက်အသွယ်မရဖြစ်ပြီး ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်တပ်က သဘာဝဘေးဒဏ်သင့် အရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့အပြင် ရွာထဲကအိမ်တွေ AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပုန်းအောင်းနေတယ်ဆိုပြီး ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










