
အန္တာတိက ရေခဲပြင် နျူထရီနို လေ့လာစောင့်ကြည့်ရေးစခန်းအတွက် အရေးပါတဲ့ ပါဝင်ကူညီမှုတွေနဲ့ အာကာသရူပဗေဒဆိုင်ရာ စွမ်းအင်မြင့် နျူထရီနိုတွေကို တွေ့ရှိခဲ့မှုတို့အတွက် သိပ္ပံပညာရှင် ဖရန်စစ်ဟယ်လ်ဇန်ကို ၂၀၂၆ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု ရွေးချယ် ပေးအပ်ချီးမြှင့်တဲ့အကြောင်း တော်ဝင် ဆွိဒစ်ရှ်သိပ္ပံအကယ်ဒမီက အောက်တိုဘာ ၆ ရက်မှာ ကြေညာပါတယ်။
စကြဝဠာအတွင်း ရှာတွေ့ဖို့ အခက်ခဲဆုံးဖြစ်တဲ့ ပရမာအနုမြူအမှုန်တွေထဲက တခုဖြစ်တဲ့ စွမ်းအင်မြင့် (နျူထရီနို) အမှုန်တွေကို ထောက်လှမ်းနိုင်မဲ့ စခန်းတခုတည်ဆောက်ခြင်းနဲ့ သူတို့ ဘယ်လို ဖြစ်လာသလဲဆိုတာကို လေ့လာခြင်းလုပ်ငန်းတို့မှာ “ကံကောင်းမှုသက်သက်” က အထောက်အကူပြုခဲ့တယ်လို့ ရူပဗေဒ နိုဘယ်လ်ဆုရှင်ဖရန်စစ် ဟယ်လ်ဇန်က ပြောပါတယ်။
အသက် ၈၂ နှစ်အရွယ် ဘယ်လ်ဂျီယံ- အမေရိကန်လူမျိုး ဟယ်လ်ဇန်က ဒီစီမံကိန်း အောင်မြင်ဖြစ်ထွန်းနိုင်ခဲ့တာက အန္တာတိကတိုက်မှာရှိတဲ့ ရေခဲပြင်က မမျှော်လင့်ထားလောက်အောင် ကြည်လင်နေလို့ ဖြစ်တယ်လို့ ပြောပါတယ်။
ကမ္ဘာမြေနဲ့ လူ့ခန္ဓာကိုယ်တွေကို ဘာမှ ချန်မထားခဲ့ဘဲ ဖြတ်သန်းသွားလာတတ်ပြီး တခြားဒြပ်ဝတ္ထုတွေနဲ့ ထိတွေ့မှု အလွန်နည်းလို့ တစ္ဆေအမှုန်တွေလို့ တခါတရံ ခေါ်ဆိုလေ့ရှိတဲ့ နျူထရီနို အမှုန်တွေကို ခြေရာခံရာမှာ တောင်ဝင်ရိုးစွန်းဒေသက သန့်စင်တဲ့ ရေခဲပြင်ကို သုံးနိုင်မယ်လို့ သူ သဘောပေါက်ခဲ့ပါတယ်။
အမှုန်တွေက စကြဝဠာကနေ သတင်းအချက်အလက်တွေကို ယူလာပေးပါတယ်လို့ တော်ဝင်ဆွိဒစ်ရှ် သိပ္ပံအကယ်ဒမီမှ အီဗာအိုလ်ဆန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“သူတို့က ဝေးလံတဲ့ ကြယ်စုတန်းတွေဆီကိုသွားနိုင်မဲ့တံခါးကို ဖွင့်ပေးသလို ကြယ်တွေ ပေါက်ကွဲတဲ့ ဖြစ်စဉ်တွေအကြောင်းကိုလည်း ကျမတို့ကို ပြောပြပေးပါတယ်။”











