DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲမှုကြောင့်  အလုပ်သမားများ ညဆိုင်းအလုပ်မဆင်းလို 
ဇွဲသစ်
·
March 29, 2026
 Photo: STUM
 Photo: STUM
Donate to DVB

ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ စစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း စာရင်းကောက်တာတွေ ရှိသလို၊ မြို့အစွန်ရပ်ကွက်တွေမှာ ညဘက် သွားလာသူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေရှိတာကြောင့် စက်ရုံအလုပ်သမားတွေဟာ ညဆိုင်းအလုပ်တွေ မဆင်းရဲကြဘူးလို့ ပြောပါတယ်။

ဒါ့အပြင် စက်ရုံတချို့မှာ အော်ဒါ စံချိန်တိုးတောင်းတာရှိပြီး၊ ညနက်တဲ့အထိ အချိန်ပို ဆင်းခိုင်းတာတွေ၊ တချို့နေရာတွေမှာ ညလုံးပေါက် အိုတီ ဆင်းခိုင်းတာတွေ ရှိနေလို့ အလုပ်သမားတွေဘက်က ပြန်ရတာ ဝေးတဲ့အတွက် လုံခြုံရေးအန္တရာယ်ကို စိုးရိမ်နေကြပါတယ်။

အထူးသဖြင့် မြို့အစွန်အဖျား ရပ်ကွက်တွေမှာ ညဘက် သွားလာရတာ မလုံခြုံတဲ့ အခြေအနေ ရှိနေပြီး၊ အမျိုးသမီး အလုပ်သမားတွေဆိုရင်လည်း စစ်မှုထမ်းအသက်အကျုံးဝင်သူတွေ ပေါ်တာဆွဲခံရမှာ၊ ရိုက်နှက် လုယက်ခံရမှာတွေကို စိုးရိမ်ပူပန်နေကြပါတယ်။

လှိုင်သာယာမြို့နယ်ရှိ စက်ရုံ အလုပ်သမတယောက်က “ညဘက်လုပ်ငန်းခွင်မှာဆိုရင် ညီမတို့ဆို ၇ နာရီခွဲ အလုပ်ဆင်းတယ်။ ဒဂုံဧရာ အဝေးပြေးကွင်းကနေ ဟိုဘက် ပရွတ်ရွာတို့ဘက်ဆိုရင် အဲဒီကို ပြန်ရတယ်သူဆိုရင် ခက်ခဲတယ်။ ခက်ခဲတဲ့ အနေအထားမှာ သူတို့နယ်ဘက်တွေ ထန်းတပင်၊ ထူးချောင်းဘက်တို့ဆိုရင် ညဘက် ဧည့်စာရင်းတွေ စစ်တာ ရှိတယ်။ အဲဒီတော့ သူတို့တွေ သွားလာရေးအဆင်မပြေတာ ဖြစ်တဲ့အတွက် အလုပ်ကို အိုတီ ၆ ခွဲ၊ ၇ နာရီလောက် ဆင်းဖို့ ပြောတယ်။ ဒါပေမဲ့ စက်ရုံဘက်က ဘယ်လိုမှ ညှိလို့ မရဘူးပေါ့။ သူတို့ရဲ့ လုပ်ငန်း လိုအပ်ချက်အရ အော်ဒါတွေ ပြည့်မီအောင် လုပ်ရမှာဖြစ်တဲ့အတွက် မဖြစ်မနေ ခေါ်ရမယ်။ အဲဒီတော့ တကယ်လို့ ပြန်မယ်ဆိုရင် ၆ ခွဲပြန်မယ်ဆိုရင် သူတို့ဘက်က လက်မခံဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားဥပဒေအရ စက်ရုံတွေကို တနင်္လာနေ့ကနေ သောကြာနေ့အထိ တရက်ကို အချိန်ပို ၃ နာရီလောက်သာ ခေါ်ခွင့်ရှိပြီး စနေနေ့မှာလည်း အချိန်ပို ၅ နာရီအထိသာ ခွင့်ပြုထားပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အလုပ်သမားတွေကို အိုတီ အလွန်အကျွံ ဆင်းခိုင်းတာတွေအပြင် သတ်မှတ်စံနှုန်း မပြည့်မီပါက လစာဖြတ်တောက်တာ၊ အကူအညီတောင်းခံမှုတွေ မလုပ်နိုင်အောင် ဖိအားပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေအရ ရန်ကုန်မှာ ညဘက် လုံခြုံရေး အားနည်းပြီး စစ်ကောင်စီဘက်က အဓမ္မ စစ်သား စုဆောင်းခံရရင် တိုင်ကြားနိုင်တယ်ဆိုတဲ့ ယန္တရားတွေ ကြေညာထားပေမဲ့ လက်တွေ့မှာတော့ ပေါ်တာဆွဲ ငွေညှစ်တာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ပြည်တွင်း အလုပ်သမားအရေးလှုပ်ရှားသူတယောက်က “စစ်မှုထမ်းဥပဒေက တိုင်ကြားရမယ်ဆိုတဲ့ ယန္တရားကြီး ထူထောင်ထားတယ်။ ဒါပေမဲ့ အောက်ခြေမှာက လည်သလို လက်သင့်သလို လုပ်နေကြတာ။ ရာအိမ်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေ မြို့နယ်အဆင့်ထိပေါ့။ သူတို့က ရှင်းရှင်းပြောရင် ပေါ်တာဆွဲဖို့ လူတယောက် တွေ့ရင် အဲဒီလူက ငွေတွင်းပဲ။ ငွေရသွားတာပဲ။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာ။ အဲဒီတော့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းရှင်တွေကို ညဆိုင်း အိုတီကို ပြန်လွှတ်တာမျိုးတွေ နောက်ကျတယ်။ ညဉ့်နက်တဲ့အထိ မဆင်းချင်ကြဘူး။ ၆ ခွဲဆိုရင်တောင် သူတို့ ပြန်ချင်ကြတယ်။ ၆ ခွဲ နောက်ပိုင်း ဘယ်သူမှ မဆင်းချင်ကြဘူး”လို့ ပြောပါတယ်။

ရန်ကုန်မှာ လူငယ်တွေ မကြာခဏ ပျောက်ဆုံးတာနဲ့ ပေါ်တာဆွဲခံရတာ ဆက်စပ်နေပြီး၊ လူငယ်တွေ ပျောက်သွားပြီးနောက် အိမ်ကို ပြန်ဆက်သွယ်လာရင် စစ်သင်တန်းကျောင်း ရောက်သွားတယ်လို့ အသိပေးလာကြသလို၊ သတင်းအစအန မရဘဲ ပျောက်သွားတာက ပိုများတယ်လို့ Rangoon Scout Network (RSN) အဖွဲ့က ပြောပါတယ်။

မတ်လ ပထမ ၂ ပတ်အတွင်း ဖမ်းဆီး ပေါ်တာဆွဲခံရသူ အယောက် ၄၀ ထက်မနည်း ရှိတယ်လို့လည်း သိရပါတယ်။

အလုပ်သမားအရေး ကူညီပေးနေတဲ့ အဖွဲ့တွေကတော့ လက်ရှိ လုံခြုံရေးမတည်ငြိမ်တဲ့ အခြေအနေမှာ ညဆိုင်း အလုပ်ခေါ်ယူတာတွေကို ပြန်သုံးသပ်ပြီး အလုပ်သမားတွေရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ တောင်းဆိုနေကြပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013