
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသမှာ စစ်ဘေးရှောင် သွားရောဂါ ဝေဒနာရှင်တွေကို AA ရဲ့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက သွားနဲ့ခံတွင်းဆရာဝန်တွေ ဦးဆောင်ပြီး အခမဲ့ စမ်းသပ်ကုပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ရှောင် သွားရောဂါဝေဒနာရှင်တွေကို AA ထိန်းချုပ်ထားတဲ့ နယ်မြေတနေရာမှာ အခမဲ့ ကုသပေးနေတာလို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။
စစ်ရှောင်သွားရောဂါဝေဒနာရှင် ၁၂၀ လောက်ကို အခမဲ့ စမ်းသပ်ကုသပေးခဲ့ပြီး အဲဒီအထဲက လူနာ ၈၅ ယောက်ကို သွားနှုတ်တာနဲ့ သွားဖာတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း သွားနဲ့ခံတွင်းဆရာဝန်တွေ အနေနဲ့ စစ်ရှောင်ပြည်သူတွေ အပါအဝင် တခြား ဒေသခံ သွားရောဂါဝေဒနာရှင်တွေကိုလည်း အခမဲ့ စမ်းသပ်ကုပေးနေတယ်လို့ သိရပါတယ်။
အလားတူ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ သွားရောဂါဝေဒနာရှင်တွေ အပါအဝင် မျက်စိခွဲစိတ်ကုသပေးတာ၊ ကာကွယ်ဆေးထိုးပေးတာ၊ မိခင်နဲ့ ကလေး ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးတွေ၊ အခြေခံဆေးကုသပေးတာတွေနဲ့ အထွေထွေရောဂါ ကုသပေးတာတွေကိုလည်း လက်ရှိအချိန်ထိ တစိုက်မတ်မတ် အခမဲ့ ကုသပေးနေတယ်လို့ သိရပါတယ်။
ကေခိုင်










